ရှေ့သို့
Image

ဒဏ်ရာပြဿနာကြောင့်နဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပွဲစဉ်အများအပြားကို လွဲချော်ထားတဲ့ မာရှယ်

4:20 PM, 25 January

မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှူး အန်တိုနီမာရှယ်ဟာ အိုးလ်ထရက်ဖို့ဒ်ကို စတင်ရောက်ရှိလာခဲ့ပြီးကတည်းက ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်အများအပြားကို အံ့ဩစရာကောင်းလောက်အောင်လွဲချော်ထားတာဖြစ်ပါတယ်။

အသက်-၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ဆယ်ကျော်သက်ကစားသမားဘဝ ၂၀၁၅ ခုနှစ် မှာပဲ မိုနာကိုကနေ ယူနိုက်တက်ကို ပေါင် ၅၁ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကိုရောက်ရှိလာပြီး ရက်အနည်းငယ်အကြာမှာပဲ မာရှယ်ဟာ သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝပွဲဦးထွက် နည်းလူးဝစ်ဗန်ဟားလ်ရဲ့လက်အောက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

မာရှယ်ရဲ့ ပထမဆုံးပွဲစဉ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ကစားသမားဟာ လူစားဝင်ပြီး ယူနိုက်တက်အတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားရဲ့ ယူနိုက်တက်ကစားသမားဘဝ စတင်ပုံက မထင်မှတ်ထားလောက်အောင် အောင်မြင်မှုရရှိခဲ့သော်လည်း နောက်ပိုင်းမှာတော့ မာရှယ်ဟာ ပုံစံကောင်းကို ထိန်းသိမ်းဖို့ရုန်းကန်ခဲ့ရပါတယ်။

လက်ရှိကစားထားတဲ့ ၃၁၇ ပွဲမှာ မာရှယ်ဟာ အိုးလ်ထရက်ဖို့ဒ်အသင်းအတွက် စုစုပေါင်း ဂိုး ၉၀ သွင်းယူပေးထားနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏကြုံတွေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မာရှယ်ဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၆ လသာကျန်ရှိတော့ပြီး အပိုတစ်နှစ်တိုးခွင့်ရှိပေမယ့် အသင်းဘက်က ငြင်းပယ်လိုက်တာကြောင့် ၂၀၂၃-၂၄ ရာသီကုန်မှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ယခုအခါမှာလည်း တိုက်စစ်မှူးဟာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူထားတာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို ၁၀ ပတ်လောက်အထိ လွဲချော်တော့မှာဖြစ်တယ်လို့သိရပါတယ်။ ယူနိုက်တက်မှာနေထိုင်ခဲ့တဲ့ ၉ နှစ်တာကာလအတွင်း မာရှယ်ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာအပြည့်အစုံကို မကြာသေးမီက Transfermarket ကနေစာရင်းပြုစုပြီး အတိအကျဖော်ပြလာခဲ့ပါတယ်။

ဖော်ပြချက်အရ မာရှယ်ဟာ ယူနိုက်တက်သို့စတင်ရောက်ရှိလာခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာကတည်းက ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ၂၀၁၄-၁၅ ရာသီမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ၁၄ ပွဲအထိလွဲချော်ခဲ့ပါတယ်။ ထို့နောက်မှာတော့ မာရှယ်ဟာ ရာသီတိုင်းလိုလိုမှာ ဒဏ်ရာပြဿနာတွေနဲ့ လုံးထွေးနေခဲ့ပြီး အရွတ်ဒဏ်ရာပြဿနာကြောင့် ၅ ပွဲ၊ တံကောက်ကြောဒဏ်ရာကြောင့် ၉ ပွဲနဲ့ ပေါင်ခြံဒဏ်ရာကြောင့် ၆ ပွဲအထိလွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့် မာရှယ်လွဲချော်ခဲ့တဲ့ ပွဲစဉ်တွေကို စုပေါင်းလိုက်မယ်ဆိုပါက စုစုပေါင်း ၈၃ ပွဲအထိရှိနေတာကို အံ့အားသင့်ဖွယ်မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိမှာလည်း မာရှယ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ဘုန်းမောက်ကို ၃-၀ နဲ့ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းကတည်းက အခုချိန်အထိ အဲရစ်တန်ဟက်ရဲ့အသင်းမှာ ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။

ယခုအခါမှာတော့ ယူနိုက်တက်ဟာ ဂိုးရရှိဖို့အတွက် တိုက်စစ်ပိုင်းက မားကက်ရက်ရှ်ဖို့ဒ်နဲ့ ရက်စ်မက်စ်ဟွိုက်လန်းတို့အပေါ်သာ မှီခိုနေရတာဖြစ်ပါတယ်။ သို့သော် အဆိုပါကစားသမား ၂ ဦးစလုံးကလည်း ဂိုးရဖို့ရုန်းကန်နေရပြီး နှစ်ယောက်ပေါင်းပွဲစဉ် ၃၆ ပွဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ပရီးမီးယားလိဂ်