ရှေ့သို့
Image

ကင်မရွန်းအသင်းမှာ ပြဿနာဖြစ်ပြီးနောက် ယူနိုက်တက်သို့ စောစောစီးစီး ပြန်ရောက်လာနိုင်ချေရှိတဲ့ အိုနာနာ

2:30 PM, 25 January

မန်ချက်စတာယူနိုက်တက်က ဂိုးသမား အန်ဒရေအိုနာနာဟာ အာဖရိကဖလား ပြိုင်ပွဲအတွက် ကင်မရွန်းအသင်းသို့ ရောက်ရှိနေချိန်မှာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆင်မြူရယ်အီတူးနဲ့ စကားအချေအတင်များခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်သို့ စောစောစီးစီးပြန်လည် ရောက်ရှိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က အိုနာနာဟာ တော့တင်ဟမ်ကို ၂-၂ နဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပါဝင်ကစားခဲ့ပြီး ကင်မရွန်းအသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျနေခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ အပြင်းအထန် ကြုံတွေခဲ့ရပါတယ်။

ကင်မရွန်းအသင်းနည်းပြ ရီဂိုဘတ်ဆောင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂီနီနဲ့ပွဲမှာ အိုနာနာကို စတင်ထည့်သွင်းအသုံးပြုဖို့ စီစဉ်ထားခြင်းမရှိသော်လည်း ယူနိုက်တက်ဂိုးသမားအနေနဲ့ အသင်းကို အချိန်မီရောက်ရှိမယ်လို့ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဆောင်းဟာ အုပ်စုအဆင့်ရဲ့ ဒုတိယပွဲမှာတော့ အိုနာနာကို ပွဲထွက် ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ လက်ရှိချန်ပီယံဆီနီဂေါကို ၃-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

အင်္ဂါနေ့က အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အရေးပါတဲ့ ဂမ်ဘီယာနဲ့ပွဲစဉ်မှာတော့ ဆောင်းဟာ အိုနာနာအစား ပထမအဖွင့် ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ အွန်ဒိုယာကိုပဲ ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ အွန်ဒိုယာဟာ အိုနာနာနဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်ပါတယ်။

သို့သော် အဆိုပါပွဲစဉ်မှာတော့ ကင်မရွန်းဟာ ဂမ်ဘီယာကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်သွားခဲ့ပြီး နိုင်ဂျီးရီးယားနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ သတင်းတွေအရ အဆိုပါပွဲစဉ်အပြီးမှာ အိုနာနာဟာ သူ့ကိုပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တယ်လို့ ယူဆရတဲ့ ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆင်မြူရယ်အီတူးနဲ့ စကားများခဲ့တယ်လို့သိရပါတယ်။

ယခုအခါမှာတော့ ဒေးလီးစတားရဲ့အဆိုအရ အိုနာနာဟာ ကင်မရွန်းအသင်း လူစာရင်းကနေ နုတ်ထွက်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ နိုင်ဂျီးရီးယားနဲ့ပွဲစဉ်အတွက် ကင်မရွန်းအသင်းရဲ့ အရန်ကစားသမား စာရင်းမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

အိုနာနာနဲ့ အီတူးတို့အချင်းများခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ကင်မရွန်းအသင်းနဲ့ နီးစပ်သူတစ်ဦးက “ကစားသမားတွေနဲ့ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ အိုနာနာရဲ့နေရာမှာ အွန်ဒိုယာကို နံပါတ် ၁ ဂိုးသမားအဖြစ် ထားရှိဖို့ဆုံးဖြတ်ခဲ့တာက အသင်းနည်းပြ ဆောင်းပါ။ အိုနာနာအနေနဲ့ သူကစားခွင့်မရဘူးဆိုတာ ဒီမနက်မှပဲသိခဲ့ပါတယ်။ အီတူးနဲ့ စကားအချေအတင်ဖြစ်ခဲ့ပြီးနောက်မှာတော့ သူ့ဆီက ဘာမှတုံ့ပြန်သံမကြားရသေးပါဘူး။ အိုနာနာက သူ့ဘာသာစိတ်ထိန်းခဲ့တာကြောင့် သူ့ရဲ့ကံကြမ္မာကိုလက်ခံပြီး အုပ်စုထဲမှာဆက်ရှိနေခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ပရီးမီးယားလိဂ်