ရှေ့သို့
Image

မာရှယ် ၁၀ ပတ်ခန့် အနားယူရဖို့ရှိသော်လည်း အစားထိုးတိုက်စစ်မှူးခေါ်ယူမှာမဟုတ်တဲ့ ယူနိုက်တက်

10:39 AM, 25 January

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်မှူး အန်တိုနီမာရှယ်က ပေါင်ခြံဒဏ်ရာ ခွဲစိတ်ပြီးနောက် ၁၀ ပတ်ခန့်ကြာအောင် အနားယူရဖို့ရှိနေသော်လည်း ယခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ အစားထိုးတိုက်စစ်မှူးခေါ်ယူသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

မာရှယ်အနေနဲ့ ဧပြီလကုန်လောက်အထိ ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို လွဲချော်သွားမှာဖြစ်တာကြောင့် အဲရစ်တန်ဟက်ရဲ့အသင်းဟာ ကျန်ရှိတဲ့ ရာသီဝက်လောက်ကို ပြင်သစ်သားမပါဝင်ဘဲ ဖြတ်သန်းသွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ယခုဇန်နဝါရီအတွင်းမှာ အစားထိုးတိုက်စစ်မှူးခေါ်ယူဖို့လည်း အစီအစဉ်မရှိတာကြောင့် တိုက်စစ်ပိုင်းကို ရက်စ်မက်ဟွိုက်လန်းကသာ ဦးဆောင်သွားမှာဖြစ်ပါတယ်။

မာရှယ်ဟာ လာမယ့်နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ပြင်ဆင်နေတာကြောင့် ယူနိုက်တက်အတွက် နောက်ထပ်တစ်ကြိမ်ပြန်လည် ကစားပေးနိုင်ပါ့ဦးမလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ အသက်-၂၈ နှစ်အရွယ် ကစားသမားဟာ မိုနာကိုကနေ ယူနိုက်တက်ကို ကမ္ဘာ့ဘောလုံးလောကအတွင်း ဈေးအကြီးဆုံး ဆယ်ကျော်သက် ကစားသမားဆိုတဲ့ စံချိန်နဲ့အတူ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းခွဲစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၉ နှစ် အကြာမှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာဖို့ အလားအလာများနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မာရှယ်အတွက် ကနဦးက ပေါင် ၃၆ သန်းအထိကုန်ကျခဲ့သော်လည်း နောက်ပိုင်းမှာတော့ အပိုဆုကြေးတွေကြောင့် စုစုပေါင်း ပေါင် ၅၈ သန်းအထိ ပေးချေခဲ့ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဆီဗီလာသို့အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟာ လက်ရှိအချိန်အထိ ယူနိုက်တက်မှာ ၃၁၇ ပွဲကစားပြီး ဂိုး ၉၀ သွင်းယူပေးထားပါတယ်။

မာရှယ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းကတည်းက ဖျားနာမှုကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ကစားသမားဟာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူမှသာ ကြံ့ခိုင်မှုပြန်လည်ရရှိမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိယူနိုက်တက်မှာ တိုက်စစ်မှူးစစ်စစ်အနေနဲ့  ဟွိုက်လန်းတစ်ယောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အဲရစ်တန်ဟက်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ကို ဖြည့်တင်းဖို့အတွက် ဝက်ဂ်ဟော့စ်နဲ့ အီဂါလိုတို့ကို အငှားနဲ့ခေါ်ယူခဲ့ဖူးသော်လည်း ဒီရာသီမှာတော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ထိန်းညှိနိုင်ဖို့အတွက် အစားထိုးခေါ်ယူမှုတွေပြုလုပ်ဖို့မရှိဘူးလို့ သိရပါတယ်။

သတင်းရင်းမြစ်တွေအရ ယူနိုက်တက် အနေနဲ့ တိုက်စစ်မှူးသစ်ခေါ်ယူဖို့မရှိဘူးလို့ လုံးဝ ယတိပြတ်ငြင်းဆိုထားခြင်း မရှိပေမယ့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်မှ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ကာရင်ဘန်ဇီမာ၊ ဘိုင်ယန်မြူးနစ်မှ ချူပိုမိုတင်နဲ့ အေဂျက်စ်တိုက်စစ်မှူး ဘရိုင်ယန်ဘရော့ဘီတို့ကို ချိတ်ဆက်နေတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကိုတော့ ငြင်းဆန်ထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ပရီးမီးယားလိဂ်