ရှေ့သို့
Image

၁၁ နှစ်အတွင်း ပေါင်သန်းပေါင်းများစွာ ချမ်းသာလာသော ဟာဇက် ကန်တာခံခဲ့ရဖူးတဲ့ ဆွမ်ဆီး ဘောကောက်သမားလေး

1:09 PM, 24 January

လွန်ခဲ့တဲ့ ၁၁ နှစ်က အေဒင်ဟာဇက် ကန်တာခံခဲ့ရဖူးတဲ့ ဘောကောက်သမားလေးဟာ အခုချိန်မှာတော့ အဆိုပါဖြစ်ရပ်ကြောင့် ပေါင်သန်း ၄၀ လောက်အထိ ပိုင်ဆိုင်နေပြီလို့သိရပါတယ်။

၂၀၁၃ ခုနှစ်တုန်းက လီဘာတီအားကစားကွင်းမှာ ဆွမ်ဆီးနဲ့ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ထိုစဉ်က ချဲလ်ဆီးရဲ့တိုက်စစ်ကစားသမား ဟာဇက်ဟာ ထူးထူးခြားခြားလုပ်ရပ်တစ်ခုကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ အဆိုပါပွဲစဉ်မှာ ဆွမ်ဆီးက ပထမအကျော့က ၂-၀ ဆိုတဲ့ရလဒ်နဲ့အတူ ပွဲကို ဦးဆောင်ထားခဲ့ပြီး ပွဲကစားချိန် ၈၀ မိနစ်မှာတော့ ဆွမ်းဆီးအသင်းမှ အသက်-၁၇ နှစ်အရွယ် ဘောကောက်သမားလေး မော်ဂန်က အချိန်ဆွဲဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဟာဇက်က မော်ဂန်ဆီကနေ ဘောလုံးလုယူဖို့ကြိုးစားခဲ့သော်လည်း မော်ဂန်က ဘောလုံးပေါ်မှာ ဝမ်းလျားထိုးမှောက်ထားခဲ့တာကြောင့် ကစားသမားက ဗိုက်ကို ခြေထောက်နဲ့ကန်ခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဘောကောက်သမားလေးဟာ ဗိုက်ကိုအုပ်ပြီး နာကျင်နေခဲ့တာဖြစ်ပါတယ်။

အဆိုပါလုပ်ရပ်ကြောင့် ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားဟောင်းဟာလည်း ၃ ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရပြီး ဝေဖန်မှုတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဟာဇက်က သူနဲ့ဘောကောက်သမားလေးဟာ အပြန်အလှန် တောင်းပန်ခဲ့ကြတဲ့ အကြောင်းကို “ကောင်းလေးက အဝတ်လဲခန်းထဲဝင်လာခဲ့ပြီး ကျွန်တော်နဲ့စကားစမြည်ပြောခဲ့ပါတယ်။ ကျွန်တော်ကသူ့ကိုတောင်းပန်ခဲ့သလို သူကလည်းပြန်တောင်းပန်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ထို့နောက်မှာတော့ မော်ဂန်ဟာ အဆိုဖြစ်ရပ်ကြောင့် နာမည်ကျော်ကြားလာခဲ့ပြီး တွစ်တာမှာလည်း ဖော်လိုဝါ ၁ သိန်းကျော် အထိ တိုးလာခဲ့ပါတယ်။ ၁၁ နှစ်အကြာ ယခုအချိန်မှာတော့ မော်ဂန်ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

မော်ဂန်၊ ဆွမ်ဆီစီးတီးဒါရိုက်တာရဲ့သားနဲ့ သူ့ရဲ့သူငယ်ချင်း ဂျက်ဆင်ကွင်းတို့ဟာ အထူးကောင်းမွန်တဲ့ ဗော့ဒ်ကာဈေးကွက်တစ်ခုကို ထိန်းချုပ်ထားနိုင်ပြီး AU ဗော့်ဒ်ကာ ဖြန့်ချိရေးကိုအဓိကလုပ်ဆောင်နေတာဖြစ်ပါတယ်။

ကနဦးက သူတို့ဟာ AU ဗော့ဒ်ကာကို ပြည်တွင်းအရက်ဆိုင်များသို့ တစ်ရက်မှာ ပုလင်းပေါင်း ၂ ထောင်သာ ပို့ဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ ထူးထူးခြားခြားတိုးတက်လာခဲ့ပြီး  တစ်ရက်ကို ပုလင်းပေါင်း ၃ သောင်း ၅ ထောင်အထိ ပို့ဆောင်နိုင်ခဲ့ကာ အခုချိန်မှာတော့ သူတို့ရဲ့ဗော့ဒ်ကာကို ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၄၀ မှာရရှိနေပြီဖြစ်ပါတယ်။

AU ဗော့ဒ်ကာကို ထောက်ခံအားပေးတဲ့ နာမည်ကျော်တွေထဲမှာ ရော်နယ်ဒင်ဟိုနဲ့ ဖလွိုက်ဒ်မေဝယ်သာတို့လို ပုဂ္ဂိုလ်တွေပါဝင်နေပြီး ဒီဂျေနဲ့ ရေဒီယိုပညာရှင် ချာလီစလော့သ်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။ စပရစ်စီးပွားရေးလုပ်ငန်းက  AU ဗော့ဒ်ကာဟာ ကမ္ဘာ့အကျော်ကြားဆုံး ဗော့ဒ်ကာအမှတ်တံဆိပ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်မှာ တိုင်းမ်သတင်းစာကလည်း AU  ကုမ္ပဏီဟာ စောင့်ကြည့်ရမယ့် ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ယခုအခါ သူတို့ရဲ့ ကုမ္ပဏီရုံးချုပ်မှာ ဝန်ထမ်းပေါင်း ၅၀ ကျော်ရှိနေပြီး ဆိုရှယ်မီဒီယာမှာလည်း ဖော်လိုဝါ ၆ သိန်း ၃ သောင်းကျော်အထိရှိနေပြီဖြစ်ပါတယ်။ သူတို့ရဲ့နောက်ထပ် ဈေးကွက်ထိုးဖောက်မယ့်ပစ်မှတ်မှာ အမေရိကဖြစ်ပြီး ယခုအခါ တိုတယ်ဝိုင်လစ်ကွာနဲ့ သဘောတူညီမှုရရှိခဲ့တာကြောင့်  ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဝေးလ်အွန်လိုင်းရဲ့ထုတ်ပြန်ချက်မှတစ်ဆင့် မော်ဂန်က “လာမယ့်နှစ်မှာတော ကျွန်တော်တို့ဟာ အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ အာရုံစိုက်ထားပါတယ်။ မကြာသေးမီက ကျွန်တော်တို့ရဲ့ အွန်လိုင်းစနစ်ရောင်းချမှုကို အမေရိကန်ရဲ့ပြည်နယ် ၃၁ ခုမှာ စတင်မိတ်ဆက်ထားတာကြောင့် အခုချိန်မှာတော့ ထုတ်ကုန်တွေကို စားသုံးသူတွေရဲ့ အိမ်ရှေ့အရောက်ပို့ဆောင်ပေးနိုင်နေပြီဖြစ်ပါတယ်”

“ကျွန်တော်တို့ မိတ်ဆက်မှုမပြုလုပ်ခင်မှာကတည်းက ကြိုတင်စာရင်းသွင်းသူ ၂ သောင်း ၈ ထောင်ကျော်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်နယ်အတွင်း ဒီထက်ပိုများတဲ့ စိတ်ဝင်စားမှုတွေရှိလာမယ်လို့မျှော်လင့်ပါတယ်” “ထူးခြားတဲ့ရွှေရောင်တံဆိပ်နဲ့ ရောင်စုံကာလာတွေကြောင့် AU ဗော့ဒ်ကာဟာ အခုချိန်မှာ ကမ္ဘာ့အသိအမှတ်ပြု အမှတ်တံဆိပ်ဖြစ်လာခဲ့ပြီး နိုင်ငံတကာက အရက်စင်တွေမှာ ရရှိနိုင်တယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အင်္ဂလန်ဗော့ဒ်ကာဈေးကွက်ကို ဆက်လက်လွှမ်းမိုးထားနိုင်တယ်ဆိုတာ သေချာစေဖို့ ကျွန်တော်တို့စတင်ခဲ့တဲ့နေရာနဲ့ အရင်းအမြစ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဟာဇက်ဟာ အသားတင်ကြွယ်ဝမှုပေါင် ၈၅ သန်းအထိ ပိုင်ဆိုင်ထားပေမယ့် မော်ဂန်ကလည်း ၁၁ နှစ်အတွင်း ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေးဘဝရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

#ဟာဇက် #မော်ဂန် #ဆွမ်ဆီး