ရှေ့သို့
Image

အင်္ဂလန်လက်ရွေးစင်အသင်း အတွက် ပြန်ကစားပေးဖို့ ဘန်ဝှိုက်ကို စည်ရုံးနိုင်မယ်လို့ မျှော်လင့်နေတဲ့ ဒီကလန်ရိုက်စ်

11:00 AM, 26 March

ဒီကလန်ရိုက်စ်က အာဆင်နယ်အသင်းဖော် ဘန်ဝှိုက်အတွက် လက်ရွေးစင်အဆင့်ကစားသမားဘ၀ အလှည့်အပြောင်းတစ်ခုအဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်ကစားပေးဖို့ စည်းရုံးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

အသက်-၂၆ နှစ်အရွယ် နောက်ခံလူဘန်ဝှိုက်က လက်ရှိအမှတ်ပေးဇယား ဦးဆောင်သူတွေအတွက် အတောက်ပဆုံး ခြေစွမ်းပြနေသူဖြစ်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။

ကာတာမှ အစောဆုံးအိမ်ပြန်သွားခဲ့တဲ့ ဘန်ဝှိုက်နဲ့ ပတ်သက်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ) ဘက်က ‘ပုဂ္ဂိုလ်ရေးအကြောင်းပြချက်များ’ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာထွက်ပေါ်လာတဲ့သတင်းတွေအရ အင်္ဂလန်လက်ရွေးစင်အသင်းလက်ထောက်နည်းပြ စတိဗ်ဟော်လန်နဲ့ကတောက်ကဆဖြစ်မှုကြောင့် အခုလိုလမ်းခွဲထွက်ခွာသွားတာဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ကစားရမယ့် ခြေစမ်းပွဲစဉ်တွေအတွက် လူစာရင်းထုတ်ပြန်ချိန်မှာ လက်ထောက်နည်းပြနဲ့ ကစားသမားအကြား အခြေအတင်ဖြစ်မှုနဲ့ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ ဒီည၊ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရချိန် ဆောက်ဂိတ်ရဲ့အသင်းကို ဝင်ဘာလေကွင်းမှာ ဦးဆောင်ပေးသွားရမယ့် ဒီကလန်ရိုက်စ်က ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကလပ်အသင်းဖော်ပါဝင်လာနိုင်ဖို့အတွက် စည်းရုံးသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

talkSPORT သတင်းဌာနနဲ့တွေ့ဆုံချိန် ဒီကလန်ရိုက်စ်က “ကလပ်အသင်းဆီပြန်ရောက်ချိန်မှာ ကျွန်တော် ဘန်ဝှိုက်နဲ့တွေ့ပြီး စကားပြောကြည့်ပါဦးမယ်။ ဒါပေမယ့် လက်ရွေးစင် အသင်းအတွက် ပြန်ကစားပေးဖို့ကိစ္စအပေါ် သူ့ရဲ့စိတ်အပြောင်းအလဲဖြစ်လာဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ပြနေတဲ့ ကစားသမားကို အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ထည့်သွင်းနိုင်မှုက အကောင်းဆုံးအင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

အခုနိုင်ငံတကာသီတင်းပတ်အတွက် ဆောက်ဂိတ်ရဲ့လူစာရင်းအတွင်း မပါဝင်လာနိုင်တဲ့နေ့မှာပဲ အာဆင်နယ်နဲ့စာချုပ်သစ်ချုပ်ဆိုနိုင်မှုကို ကြေညာနိုင်ခဲ့တဲ့ ဘန်ဝှိုက်က အခုရာသီ၊ သူ့ရဲ့ကလပ်အသင်းအတွက် အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပါတယ်။ ဘရိုက်တန်ကစားသမားဟောင်းရဲ့စွယ်စုံရစွမ်းရည်တွေက ထိပ်တန်းအဆင့်ပြိုင်ပွဲတစ်ခုဆီ ဝင်ရောက်ယှဉ်ပြိုင်ရတော့မယ့် ဆောက်ဂိတ်အတွက် အပေါင်းလက္ခဏာဆောင်မှုတစ်ခု ဖြစ်လာနိုင်လိမ့်မယ်လို့ ဒီကလန်ရိုက်စ်က ယုံကြည်နေပါတယ်။

ဒီကလန်ရိုက်စ်က “ကျွန်တော်ပြောနိုင်တဲ့တစ်ခုတည်းသော အရာကတော့ ဒါဟာ ဘန်ဝှိုက်ရဲ့ဘဝဖြစ်တယ်၊ ဘန်ဝှိုက်ရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်ဆိုတာပါပဲ။ သူလုပ်ချင်နေတဲ့အရာနဲ့ပတ်သက်လို့ ကျွန်တော်တို့သွားပြီး ငြင်းဆန်နေလို့မရပါဘူး။ အမှန်ပါပဲ၊ ကိုယ့်ထင်မြင်ယူဆချက်အပေါ်မှာပဲ မူတည်ပြီး ရေးသားနေကြသူတွေကတော့ အမြဲတမ်းလိုလို ရှိနေကြပါလိ့မ်မယ်။ ဒါပေမယ့် အဆုံးမှာတော့ သူ့ရဲ့အတွေးကသာ အရေးအကြီးဆုံးတစ်ခုတည်းသောအရာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘန်ဝှိုက်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် မကစားပေးချင်ဘူးဆိုတာ ထင်ရှားပါတယ်။ သူ့စိတ်ကူးတွေ ပြောင်းလဲပစ်မယ်လို့ ကျွန်တော် တကယ်မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ သူ့ကို နေ့တိုင်းမြင်တွေ့နေရပြီး သူ့မှာ ကောင်းမွန်တဲ့စရိုက်လက္ခဏာတစ်ခုရှိတယ်ဆိုတာ သိထားလို့ပါပဲ။ ကွင်းတွင်းမှာဆိုရင်လည်း သူက အနိုင်ရဖို့ ဘာမဆိုလုပ်သွားပါလိ့မ်မယ်”

“အင်္ဂလန်အတွက်ဆိုလည်း ဘန်ဝှိုက်က အကောင်းဆုံး စွမ်းဆောင်ပေးလိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။ သူက ဗဟိုခံစစ်ပိုင်းမှာရော၊ ညာအစွန်ခံစစ်ပိုင်းမှာပါ ကစားနိုင်စွမ်းရှိသလို Inverted Full-Back အဖြစ်လည်း ကစားနိုင်ပါတယ်။ အခုအချိန်မှာ သူက ကျွန်တော်တို့အတွက် အဓိကသော့ချက်ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူစိတ်ကူးပြောင်းလာဖို့ပဲ ကျွန်တော် မျှော်လင့်မိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူစိတ်ကူးပြောင်းဦးမှာ မဟုတ်သေးပါဘူး။ ဒါသူ့ဆုံးဖြတ်ချက်ပဲလို့ ကျွန်တော်ထင်ပါတယ်။ ဆောက်ဂိတ်နဲ့ သူ့အကြားမှာ အတွင်းကျကျဆွေးနွေးခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် သူတို့တွေ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် သူ့စိတ်ကူးတွေ ပြောင်းလဲသွားဖို့ ကျွန်တော်မျှော်လင့်မိတာပါပဲ။ ကစားသမားတစ်ဦးအဖြစ်ရော၊ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါ ကျွန်တော်နဲ့ရင်းနှီးသလို ခင်ဗျားတို့နဲ့ ရင်းနှီးမယ်ဆိုရင်လည်း သူက အရမ်းတော်တဲ့လူတစ်ဦးဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိသွားပါလိမ့်မယ်။ ဘန်ဝှိုက်က အရမ်းတော်သူတစ်ဦးဖြစ်ပြီး မယုံကြည်နိုင်စရာဘောလုံးသမားတစ်ဦး ဖြစ်ပါတယ်။ အင်္ဂလန်ကိုယ်စားပြုကစားပေးရခြင်းက အကြီးမားဆုံး ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘန်ဝှိုက်မှာ ရှိနေတဲ့အရည်အချင်းတွေနဲ့အတူ အသင်းဆီ သူယူဆောင်ပေးလာမယ့် အရည်အသွေးတွေအတွက် သူ့ကို ပြန်ရနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

#အာဆင်နယ် #ဘန်ဝှိုက် #ပရီးမီးယားလိဂ် ဒီကလန်ရိုက်စ်