ရှေ့သို့
Image

အင်တာမီယာမီအတွက် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်

9:37 AM, 23 January

ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ကမ္ဘာကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် အင်တာမီယာမီဟာ အက်ဖ်စီဒါးလက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပရိသတ်တွေအားလုံးက အင်တာမီယာမီရဲ့စူပါစတား အတွဲအဖက်ကို မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်ကြည့်ခဲ့ကြသော်လည်း အိမ်ရှင်အသင်းကို လုံးဝယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ဒါးလက်စ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၃ မိနစ်မှာပဲ ပြည်တွင်းဖြစ်တိုက်စစ်မှူး ဂျီးဆပ်ဖရီယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါဂိုးဟာ ယခုပွဲစဉ်ရဲ့ အဆုံးအဖြတ် ဂိုးဖြစ်လာခဲ့ပြီး ထို့နောက်မှာတော့ အင်တာမီယာမီက ပွဲကိုထိန်းချုပ်ပြီး ကစားနိုင်ခဲ့ပါတယ်။

သို့သော် တာတာမာတီနိုရဲ့အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုသာ ပိုများခဲ့ပြီး ဂိုးရနိုင်လောက်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ခြင်းမရှိတာကြောင့် ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုပွဲစဉ်မှာ အင်တာမီယာမီရရှိခဲ့တဲ့ အကောင်းဆုံး အခွင့်အရေးမှာ ပထမပိုင်းအတွင်း မက်ဆီနဲ့ ဒါးလက်စ်ဂိုးသမားတို့ တစ်ဦးချင်းရင်ဆိုင်တွေ့ခဲ့တဲ့ အခိုက်အတန့်ဖြစ်ပြီး ဂိုးသမားက ဘောလုံးကို ဒိုင်ဗင်ပစ်ပြီး အမိအရကာကွယ်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး အာဂျင်တီးနားသားက နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ကန်သွင်းခဲ့သော်လည်း ဂိုးသမားက ထပ်မံကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဆွာရက်ဇ်နဲ့ လီယိုကမ်ပါနာတို့ အခွင့်အရေးအချို့ရရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းဖို့ နီးစပ်ခဲ့သော်လည်း လူကျွံနေခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ ဘက်စ်ကွက်စ်တို့ဟာ ပွဲကစားချိန် ၆၄ မိနစ်အထိ ပါဝင်ခဲ့ကြပြီး အဲဒီနောက်မှာတော့ လူစားလဲခဲ့ကြပါတယ်။ ဒါ့အပြင် အဆိုပါကစားသမား ၃ ဦးဟာ ပြီးခဲ့တဲ့အပတ်က ဆေလ်ဗယ်ဒေါနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ဆွာရက်ဇ်အနေနဲ့ အင်တာမီယာမီကစားသမားဘဝ ပထမဆုံး ပွဲစဉ် ၂ ပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ဘက်အသင်းရဲ့ဂိုးဧရိယာနားမှာ အခွင့်အရေးကောင်းရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ မက်ဆီက သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းကို ဖန်တီးမှုတွေ ပြုလုပ်နိုင်မယ်လို့ယူဆရပြီး မီယာမီနဲ့အတူ ပုံမှန်ရာသီတစ်ခုကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်မေးခွန်းထုတ်စရာတစ်ခုက အသင်းနည်းပြ တာတာမာတီနိုရဲ့ ကစားကွက်ဖြစ်ပြီး သူဟာ ယခုပွဲစဉ်မှာလည်း ၅-၃-၂ ပုံစံကို ခင်းကျင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီက အတွဲအဖက်ညီတဲ့ မက်ဆီနဲ့ ရော်ဘတ်တေလာတို့ရဲ့ ပေါင်းစပ်မှုကို ထပ်မံမြင်တွေ့ရခြင်းမရှိတော့ပါဘူး။ နောက်ထပ်ခြေစွမ်း ပွဲစဉ်တွေမှာတော့ အင်တာမီယာမီဟာ ဆော်ဒီကို ခရီးထွက်ပြီး ဆော်ဒီပရိုလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အယ်လ်ဟီလယ်၊ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာတို့နဲ့ ခြေစမ်းပွဲစဉ်တွေကစားသွားမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ နဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့တို့မှာ ယှဉ်ပြိုင်ကစားမယ့် အဆိုပါပွဲစဉ်တွေ အပြီးမှာတော့ ကမ္ဘာပတ်ပြီးခြေစမ်းပွဲတွေ ကစားသွားမယ့် မီယာမီဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဟောင်ကောင်၊ ၇ ရက်နေ့မှာ ဗစ်ဆဲလ်ကိုဘီ၊ ၁၆ ရက်နေ့မှာ မက်ဆီရဲ့ငယ်ဘဝကလပ် နယူးဝဲလ်အိုးဘွိုင်းစ်တို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

#မက်ဆီ #ဆွာရက်ဇ် #အင်တာမီယာမီ #ခြေစမ်းပွဲ