ရှေ့သို့
Image

၂၀၁၄ ခုနှစ်၊ ဒမ်ဘာဘာ သွင်းယူခဲ့တဲ့ဂိုးမှာ အဓိကတာဝန်ရှိသူ တစ်ဦးကို ထုတ်ပြောလာတဲ့ ကာရေဂါ

12:53 PM, 19 January

၂၀၁၄ ခုနှစ်၊ ဧပြီ ၂၄ ရက်ဟာ လီဗာပူးအသင်းပရိသတ်တွေအတွက် မေ့ပျောက်လို့ မရတော့တဲ့ နေ့စွဲတစ်ခု ဖြစ်နေပါလိမ့်မယ်။

ကြိုးကြာနီတွေရဲ့ကာလရှည် ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်ကို အဆုံးသတ်ရဖို့ ကနဦးအစဖြစ်တယ်လို့ ယူဆနိုင်တဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဒမ်ဘာဘာရဲ့သွင်းဂိုးမှာ အများစုက ဂျရတ်ချော်လဲမှုကို အပြစ်တင်နေကြပေမယ့် လီဗာပူး ဂန္တဝင်ကာရေဂါကတော့ ဂိုးသမားမစ်ဂ်နိုလတ်ကိုသာ လက်ညှိုးထိုးဝေဖန်ထောက်ပြလိုက်ပါတယ်။

လီဗာပူးပရိသတ်တွေအကြား ဂျရတ်ချော်လဲမှုကသာ မှတ်မှတ်ရရရှိနေကြပေမယ့် ကာရေဂါကတော့ အမှားလုပ်မိသူတစ်ဦးမှာ ဂိုးသမားမစ်ဂ်နိုလတ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Sky Bet မှတင်ဆက်တဲ့ ဂယ်ရီနဗီးလ်ရဲ့ Stick to Football podcast အစီအစဉ်မှာ ကာရေဂါက ဘယ်လ်ဂျီယံဂိုးသမားအနေဖြင့် ပြိုင်ဘက်တိုက်စစ်မှူးနဲ့ တစ်ဦးချင်းရင်ဆိုင်ရချိန်တွေမှာ အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကာရေဂါက “ဒမ်ဘာဘာ သွင်းယူခဲ့တဲ့ဂိုးအတွက် ကျွန်တော်ကတော့ မစ်ဂ်နိုလတ်ကို အပြစ်မြင်နေတုန်းပါပဲ။ (လီဗာပူး ဝ-၂ ချဲလ်ဆီး၊ ၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက်) ဒမ်ဘာဘာက ဂိုးပေါက်ဆီ ဘောလုံးနဲ့အတူ တည့်တည့်ကြီးပြေးလာတာဆိုတော့ ဂိုးသမားပေါင်ကြားကလွဲပြီး တခြားနေရာကို ဂိုးသွင်းယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒမ်ဘာဘာက ဂိုးပေါက်ဆီ တည့်တည့်ကြီးပြေးလာတာလေ၊ ဒါက ဂိုးသွင်းယူဖို့ ခက်ခဲသလို တခြားလည်း ရွေးချယ်စရာဘာမှမရှိဘူးလို့ ကျွန်တော် တွေးမိပါတယ်”လို့ ပြောပါတယ်။

ဘရန်ဒန်ရော်ဂျာလက်အောက် လီဗာပူးက ၂၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ၁၉ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဘွဲ့ကို ရယူနိုင်ဖို့ အနီးကပ်ဆုံးအထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ ချဲလ်ဆီးကို အရေးမနိမ့်ခင်အထိ သူ့ရဲ့အသင်းက ၁၁ ပွဲဆက် အနိုင်ရရှိတဲ့အထိ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့အသင်းကိုသာ အနိုင်ရရှိမယ်ဆိုရင် ရော်ဂျာရဲ့ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်က အတော်လေး ပြီးပြည့်စုံသွားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာ ဂျရတ်ရဲ့ချော်လဲမှုနဲ့အတူ ဒမ်ဘာဘာရဲ့ ဦးဆောင်ဂိုးကို ပေးလိုက်ရလို့ လီဗာပူးဟာ ဖိအားတွေအောက်ရောက်ရှိသွားပြီး ပွဲပြီးချိန်မှာတော့ အနောက်လန်ဒန်ကလပ်ကို နှစ်ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။

ဒမ်ဘာဘာရဲ့သွင်းဂိုးနဲ့ပတ်သက်လို့ ကာရေဂါက မစ်ဂ်နိုလတ်ကို အပြစ်တင်နေချိန်မှာပဲ ဂျရတ်အတွက်ကတော့ အခုလိုဖြစ်ရပ်ဆိုးကို တစ်သက်တာမေ့ပျောက်နိုင်စရာ မရှိတော့ပါဘူး။ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ လီဗာပူးက ပရီးမီးယားလိဂ်ဒုတိယ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့ကာ ဂျရတ်ကိုယ်တိုင်လည်း ချဲလ်ဆီးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ သူ့ရဲ့ကိုယ်တိုင်ရေးအတ္တုပတ္တိစာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လီဗာပူးဂန္တဝင်က “ကားနောက်ခန်းထဲမှာထိုင်ပြီး မျက်ရည်တွေနဲ့ပဲ ငိုကြွေးမိနေခဲ့ပါတယ်။ နှစ်အတော်ကြာကြာ ကျွန်တော် မငိုခဲ့ဖူးပေမယ့် အဲ့ဒီနေ့ကတော့ အိမ်ပြန်လမ်းတလျှောက် ကျွန်တော် ငိုရှိုက်နေခဲ့မိပါတယ်။ မျက်ရည်တွေက ဆက်တိုက်ကျနေခဲ့ပြီး အဲ့ဒီနေ့က လမ်းပိတ်သလား၊ မပိတ်ဘူးလားဆိုတာတောင် ကျွန်တော်မပြောပြနိုင်တော့ပါဘူး။ ဒီဖြစ်ရပ်က ကျွန်တော့်ကို သတ်နေသလို ဖြစ်နေခဲ့တာပါ”လို့ ရှင်းပြခဲ့ပါတယ်။

နောက်တစ်နှစ်မှာပဲ ဂျရတ်က ပရီးမီးယားလိဂ်ချန်ပီယံဆုမှလွဲ၍ ရနိုင်သမျှ အောင်မြင်မှုတွေကို ဆွတ်ခူးကာ လီဗာပူးအသင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

#လီဗာပူး #ကာရေဂါ #စတီဗင်ဂျရတ် #ပရီးမီးယားလိဂ် #ဒမ်ဘာဘာ