ရှေ့သို့
Image

ယူနိုက်တက်နဲ့ ကင်မရွန်းဟာ သူ့အတွက်အဖေနဲ့အမေလိုပဲ ရွေးချယ်ရခက်ခဲတယ်လို့ ဝေဖန်သူတွေကို တုံ့ပြန်လိုက်တဲ့ အိုနာနာ

3:50 PM, 18 January

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာက ကင်မရွန်းလက်ရွေးစင် အသင်းကို အချိန်မီ မရောက်ရှိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရသော်လည်း သူ့မှာ ပြောစရာတွေအများကြီးရှိတယ်လို့ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

အာဖရိကဖလားမှာ အုပ်စုအဆင့်ရဲ့ပထမဆုံးပွဲစဉ်အဖြစ် တနင်္လာနေ့ညက ကင်မရွန်းအသင်းဟာ ဂီနီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၁-၁ နဲ့သရေကျခဲ့ပါတယ်။ အိုနာနာဟာ အဆိုပါပွဲစဉ်ကို လွဲချော်ခဲ့တာကြောင့် အသင်းရဲ့ဂိုးသမားနေရာမှာ ဖာဘရစ်အန်ဒိုရာက ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

အိုနာနာက တနင်္ဂနွေနေ့က တော့တင်ဟမ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ကစားခဲ့တာကြောင့် ကင်မရွန်းအသင်းနဲ့ ပူးပေါင်းဖို့ ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ အာဖရိကဖလားပြိုင်ပွဲကျင်းပရာ အိုင်ဗရီကို့စ်ကိုရောက်ရှိဖို့အတွက် မိုင်ပေါင်း ၅ ထောင်ကျော်လေယာဉ်ပျံနဲ့ ကျော်ဖြတ်ခဲ့ရပြီး ပွဲကိုရောက်ရှိဖို့အတွက်တော့ မိုင် ၁၅၀ ကျော် ကားနဲ့ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။

သို့သော် အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ပွဲချိန်မီမရောက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အိုနာနာကတော့ သူ့ရဲ့လုပ်ရပ်တွေကို ခုခံပြောဆိုတဲ့အနေနဲ့ ကလပ်အသင်းနဲ့ နိုင်ငံအသင်းကြားရွေးချယ်မှုက အဖေနဲ့အမေကြား ရွေးချယ်ရသလိုခက်ခဲတယ်လို့ နှိုင်းယှဉ်လာခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်နဲ့အေဂျက်စ်ဂိုးသမားဟောင်းက “ကျွန်တော့်မှာပြောစရာတွေအများကြီး ရှိပေမယ့် ပြိုင်ပွဲအတွင်းရောက်နေလို့ အခုချိန်မှာတော့ မပြောလိုပါဘူး။ ကျွန်တော့်ကို ဝေဖန်ကြပါစေ။ ကျွန်တော်က ဝေဖန်မှုတွေနဲ့အသားကျနေပါပြီ။ ကျွန်တော်က နိုင်ငံကောင်းဖို့အတွက်ပဲလုပ်ချင်တာပါ။ ဒါက အဖေနဲ့အမေကြားရွေးချယ်ရသလိုပါပဲ။ ဒါပေမယ့် နိုင်ငံက ပိုအရေးကြီးပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် အခု ဒီရောက်နေတာပါ။ ကျွန်တော်တို့အားလုံးအတူတူပါပဲ။ ကျွန်တော်တို့ဒီမှာ အတူတူအနိုင်ယူကြပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

အိုနာနာကိုဝေဖန်သူတွေထဲမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း အီမန်နျူရယ်အဒီဘာယောလည်း ပါဝင်ခဲ့ပါတယ်။ အဒီဘာယောက “အိုနာနာက ကင်မရွန်းကို မလေးမစားလုပ်ခဲ့တာပါ။ ကျွန်တော်လည်း သူ့လိုကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ အသင်းက ကျွန်တော့်ကို လိုအပ်နေပြီး ကျွန်တော်က အရေးပါဆုံးကစားသမားဖြစ်နေခဲ့တာတောင် အခုလိုပဲ နောက်ကျမှရောက်ခဲ့ဖူးပါတယ်” “ဒီလိုအခြေအနေတွေဖြစ်ပျက်နေတယ်ဆိုတာ အဖွဲ့ချုပ်အတွင်းမှာ ပြဿနာတွေရှိလို့ပါ။ သူ့အနေနဲ့ ကြီးကြီးမားမားဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါတယ်။ သူက ကင်မရွန်းအသင်းရဲ့ ပရိသတ်တွေသာမက အာဖရိရဲ့ပရိသတ်တွေရဲ့ သံသယနဲ့ရင်ဆိုင်ရနိုင်လို့ပါ” လို့ပြောပါတယ်။

အိုနာနာဟာ ကင်မရွန်းလက်ရွေးစင်အသင်းနဲ့ တင်းမာတဲ့ဆက်ဆံရေးတွေရှိခဲ့ဖူးပြီး မန်နေဂျာ ရီဂိုဘတ်ဆောင်း အဖွဲ့ချုပ်ဥက္ကဌ ဆင်မြူရယ်အီတူးတို့နဲ့ ပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ ဆောင်းနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် အိုနာနာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်း အသင်းကနေထုတ်ပယ်ခံခဲ့ရပြီး ယခု အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမတိုင်ခင်မှာလည်း အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ရှိမရှိကို မရှင်းလင်းတဲ့အခြေအနေမှာရှိခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ပရီးမီးယားလိဂ်