ရှေ့သို့
Image

ဆက်တိုက် နေမကောင်းဖြစ်နေတာကြောင့် ယူနိုက်တက်ရဲ့ အသင်းကြီးလူစာရင်းကနေ ထုတ်ပယ်ခံထားရတဲ့ မာရှယ်

1:39 PM, 18 January

မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး အန်တိုနီမာရှယ်ဟာ ဆက်တိုက် နေမကောင်းဖြစ်နေတာကြောင့် ဒီဇင်ဘာလအလယ်လောက်ကတည်းက ပထမအသင်း လူစာရင်းကနေ ထုတ်ပယ်ခံထားရပြီး တစ်ကိုယ်တော်လေ့ကျင့်မှုတွေ ပြုလုပ်နေရပါတယ်။

မကြာသေးမီက သတင်းတွေအရ ပြင်သစ်သားဟာ အတိအကျဖော်ပြထားခြင်းမရှိတဲ့ ရောဂါတစ်ခုဖြစ်ပွားနေပြီး ယူနိုက်တက်ရဲ့ ပထမအသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်ဖို့ အရည်အချင်းမပြည့်မီတာကြောင့် မန်နေဂျာအဲရစ်တန်ဟက်က သူ့ကို အသင်းကနေ ထုတ်ပယ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သို့သော်လည်း မာရှယ်ဟာ အဆင့်အတန်းမြင့်တဲ့ တစ်ကိုယ်တော်လေ့ကျင့်မှုမျိုးကို ပြုလုပ်နေတာဖြစ်ပြီး ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာပါက အသင်းနဲ့ပြန်လည် ပူးပေါင်းခွင့်ရရှိသွားမှာဖြစ်ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်၊ ကတ်စမဲရိုးနဲ့ မေဆင်မောင့်တို့ကလည်း အသင်းနဲ့အတူ ပုံမှန်လေ့ကျင့်ခန်းပြန်မဆင်းနိုင်ခင်မှာ အဆိုပါ တစ်ဦးချင်းလေ့ကျင့်မှုအစီအစဉ်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် ပြင်သစ်သားရဲ့အခြေအနေဟာ ပထမအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် ယခုလအတွင်း ဒေါ့မွန်သို့ပြောင်းရွှေ့သွားခဲ့တဲ့ ဂျေဒန်ဆန်ချိုရဲ့ အခြေအနေနဲ့ ကွာခြားမှုရှိနေတာလည်းဖြစ်ပါတယ်။

မာရှယ်ဟာ ဖျားနာမှုတွေမဖြစ်ပွားခင်က ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲအထိ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ကစားသမားနောက်ဆုံးပါဝင်ခဲ့တဲ့ ပွဲစဉ်ဟာ ဒီဇင်ဘာ ၉ ရက်နေ့က ဘုန်းမောက်ကို ဝ-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး သူဟာ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာတော့ စုစုပေါင်း ၅ ပွဲသာ ပါဝင်ခွင့်ရထားပါတယ်။

မာရှယ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် လိဂ်ဂိုး ၁ ဂိုး သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာဖြစ်ပါတယ်။ မကြာသေးမီက မာရှယ်ဟာ မာဆေးလ်၊ ဖီနာဘာချီနဲ့ ဆော်ဒီကလပ်တွေထံမှ ကမ်းလှမ်းမှုတွေ ရရှိခဲ့သော်လည်း ငြင်းပယ်ထားခဲ့ပြီး လက်ကျန်ရာသီတွေကို အိုးလ်ထရက်ဖို့ဒ်မှာပဲ ကုန်ဆုံးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဗဟိုတိုက်စစ်မှူးနဲ့ ယူနိုက်တက်တို့ရဲ့စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သက်တမ်း တိုးဖို့အတွက် အပိုရွေးချယ်ခွင့် ၁ နှစ်ကျန်ရှိနေပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ပရီးမီးယားလိဂ်