ရှေ့သို့
Image

ကင်ဆာရောဂါ အပြင်းအထန်ခံစားနေရကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်

9:50 AM, 12 January

အင်္ဂလန်နည်းပြဟောင်း ဆဗန်ဂိုရန်အဲရစ်ဆင်က သူ့အနေနဲ့ ကင်ဆာရောဂါ အပြင်းအထန်ခံစားနေရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး လပိုင်းလောက်သာ နေရတော့မယ်လို့ ဆိုလိုက်ပါတယ်။ Karlstadရဲ့ အားကစားဒါရိုက်တာ ရာထူးနေရာကနေ လျော့ချခံခဲ့ရပြီးနောက် အဲရစ်ဆင်ရဲ့အခုသတင်းက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ၅ ကီလီုမီတာပြေးရာမှာ လဲကျခဲ့တယ်လို့ သိရပြီး ဆေးစစ်မှုတွေလုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဆရာဝန်တွေရဲ့တွေ့ရှိချက်မှာ အဲရစ်ဆင်ဟာ လေဖြတ်ဝေဒနာအပြင် ကင်ဆာရောဂါပါခံစားနေရတယ်လို့ ဆိုပါတယ်။

အင်တာဗျူးတစ်ခုမှာလည်း အဲရစ်ဆင်က “လူတိုင်း ကျွန်တော်ကျန်းမာရေး မကောင်းတာကို သိကြမှာပါ။ တကယ်လည်းမကောင်းပါဘူး။ လူတိုင်းခန့်မှန်းသလိုကင်ဆာပါပဲ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တတ်နိုင်သလောက် တိုက်ခိုက်သွားမှာပါ။ အဲ့တာက မကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ခင်ဗျားဦးနှောက်ကို လှည့်စားနိုင်ပါတယ်။ အပေါင်းလက္ခဏာဆောင်တာတွေပဲ များများတွေးပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာမှလည်း တစ်စုံတစ်ခုကောင်းလာမှာပါ။ တစ်နှစ်လောက်တော့ ဆက်နေနိုင်မယ်လို့ ထင်ပါတယ်။ အဲ့ထက်လည်းနည်းနိုင်ပါတယ်။ လပိုင်းလောက်လည်း ဖြစ်နိုင်ပါတယ်။ တပ်အပ်တော့မပြောနိုင်ပါဘူး။ အကောင်းဆုံးက အဲ့အကြောင်းမတွေးတာပါ”လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။

နည်းပြဘဝတစ်လျှောက် အဲရစ်ဆင်ဟာ ဂိုသမ်ဘာ့ဂျ် ၊ ဘင်ဖီကာ ၊ ရိုးမား ၊ ဖီအိုရင်တီးနား ၊ ဆမ်ဒိုးရီးယား ၊ လာဇီယို ၊ မန်စီးတီး ၊ လက်စတာ နဲ့ နိုင်ငံအသင်းတွေအဖြစ် မက္ကဆီကို ၊ အိုင်ဗရီကို့စ် နဲ့ ဖီလစ်ပိုင်အသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။

အဲရစ်ဆင်တစ်ယောက် လူသိအများဆုံးက အင်္ဂလန်အသင်းမှာဖြစ်ပြီး ၂၀၀၁ ကနေ ၂၀၀၆ အထိ ဘက်ခမ်း ၊ ဂျရတ် ၊ လမ်းပတ်စတဲ့ ကစားသမားတွေနဲ့ လက်တွဲခဲ့ရတာဖြစ်ပါတယ်။ မျှော်လင့်ချက်တွေကြီးမားခဲ့ပေမယ့် အဲရစ်ဆင်ရဲ့အင်္ဂလန်က အောင်မြင်မှုတော့မရခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ လာဇီယိုနဲ့အတူ ၁၉၉၇ ကနေ ၂၀၀၁ အထိ ဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့တာဖြစ်ပြီး ကိုပါအီတာလီယာ ၊ အီတလီစူပါဖလား ၊ ၁၉၉၉ ခုနှစ်မှာ ဥရောပဖလား နဲ့ ၂၀၀၀ ခုနှစ်မှာ စီးရီးအေဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန် အသင်းကိုတော့ ၂၀၀၂ ကမ္ဘာ့ဖလားနောက်ဆုံး ၈ သင်းနေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့ကာ ၂ နှစ်အကြာမှာ ယူရို ၂၀၀၄ ကနေ ပေါ်တူဂီအသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

အဲ့နောက် ၂၀၀၆ ကမ္ဘာ့ဖလားမှာလည်း စကိုလာရီရဲ့ပေါ်တူဂီအသင်းကို ရွန်းနီရဲ့အငြင်းပွားဖွယ် အနီကတ်နဲ့အတူ ပင်နယ်တီနဲ့ အရေးနိမ်ခဲ့ပါတယ်။

#အင်္ဂလန် #အဲရစ်ဆင်