ရှေ့သို့
Image

အဆုံးသတ်မသေချာခဲ့တဲ့ ဟွိုက်လန်းကို ဝေဖန်လိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်း

12:55 PM, 10 January

ဝီဂန်နှင့်ပွဲမှာ အဆုံးသတ်မသေချာခဲ့တဲ့ ဖြစ်ရပ်များပြီးနောက် ရှုပ်ထွေးမှုတွေကို ရပ်တန့်လိုက်ဖို့ ဟွိုက်လန်းကို ရွိုင်ကိန်းက ပြောကြားလိုက်ပါတယ်။

အက်ဖ်အေဖလားတတိယအဆင့် ပွဲအဖြစ် ဝီဂန်နဲ့ ပွဲမှာ တိုက်စစ်မှူးက ဂိုးမသွင်းယူနိုင်ခဲ့သော်လည်း ဒါလော့နဲ့ ဖာနန်ဒက်စ်တို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ နေရာမှန်နှင့် အချိန်မှန်တွင်ရှိနေသော်လည်း ဟွိုက်လန်းဟာ ပထမပိုင်းအစတွင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ပါဘူး။

သူဟာ အနီးကပ်ခေါင်းတိုက်ချက်ကို လွဲချော်ခဲ့သလို ၅ ကိုက်အကွာမှ နောက်ထပ် အခွင့်အရေးကိုလည်း အသုံးမချနိုင်ခဲ့တာကြောင့် ITV ရှိ တင်ဆက်သူတွေက သူ့ကိုဝေဖန်ခဲ့ပါတယ်။ အိုင်ယန်ရိုက်စ်နှင့် ရော်ဘတ်တိုမာတီနက်ဇ်တို့က ဟွိုက်လန်းကို စာနာနားလည်ကြသော်လည်း ယူနိုက်တက်ဂန္တဝင် ကိန်းကတော့ ဝေဖန်လိုက်ကာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ တိုက်စစ်မှူးအပေါ် ကြင်နာလွန်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

"တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူ့အတွက် စာနာမိတယ်လို့ အယ်လီ ပြောတာကို  ကျွန်တော် ကြားခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ခင်ဗျားမြင်ခဲ့ရတဲ့ အခွင့်အရေးတချို့တော့ ရှိမှာပါ" လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်းက ပထမပိုင်းအပြီးမှာပြောကြားခဲ့ပါတယ်။ ပေါ်တူဂီအသင်းနည်းပြချုပ် မာတီနက်ဇ်က "သူဟာ ကတိတည်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အများကြီးပေးဆပ်ကစားထားတာပါ။ အခုချိန်မှာတော့ သူ့ရဲ့ဂိုးသွင်မှုအပေါ် အကဲဖြတ်တာ မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူက ယူနိုက်တက်အတွက် နံပါတ် ၉ ပါဖြစ်ပြီး သတ်မှတ်ထားတဲ့ စျေးကလည်း ရှိနေပါတယ်။ ဂိုးတွေ သွင်းရမယ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးတွေကို သူက အမှားအယွင်းမလုပ်ထားပါဘူး။ ယုံကြည်မှုရှိတဲ့အခိုက်အတန့်မှာ ဘောလုံးက ထိမှန်ပြီး ဂိုးဝင်သွားတာပါပဲ" လို့ ပြောပါတယ်။

ဒါပေမယ့် ကိန်းကတော့ ထိုနှစ်ယောက်စလုံးနဲ့ အမြင်မတူဘဲ "ခင်ဗျားတို့က ကြင်နာလွန်းနေတာပါ။ ကျွန်တော်ကတော့ သူ့ကို ဒေါသဖြစ်မိပါတယ်။ ဒီညမှာ ယူနိုက်တက်က အခွင့်အရေးတွေ လွဲချော်နေတဲ့ ပရီးမီးယားလိဂ်က အလေ့အထကို ယူဆောင်လာသလိုဖြစ်နေပါတယ်။ ဒီညမှာ ယူနိုက်တက်ရဲ့ ကောင်းမွန်မှုကို မြင်ချင်ပါတယ်။ တိုက်စစ်မှူးအနေနဲ့ အခွင့်အရေးတွေ လွဲချော်နေတာကြောင့် ကံမကောင်းဘူးလို့ ပြောလို့ရပါတယ်။ အခွင့်အရေးတွေ ဖန်တီးပါ  ပြီးတော့ဂိုးသွင်းပါ မရှုပ်ပါနဲ့တော့"လို့ ပြောပါတယ်။

ပွဲအပြီးတွင်မှာတော့ ဟွိုက်လန်းအနေနဲ့ သွင်းဂိုးတွေကို တတ်နိုင်သမျှ မြန်မြန်ပြန်ယူရမယ်လို့ ရိုက်စ်က မှတ်ချက်ပြုခဲ့ပြီး ဂိုးရှေ့ရှိ ကစားသမားရဲ့နည်းစနစ်ကို ဝေဖန်ခဲ့ပါတယ်။

ဟွိုက်လန်းရဲ့ လွဲချော်နေတဲ့ အရာကိုခွဲခြမ်းစိတ်ဖြာကြည့်ရရင်း "ဒီဟာက ခေါင်းပေါ်ကနေ ကျော်သွားတာကို မြင်နေရတာဆိုတော့ အဲ့ဒီတစ်ခုက ကျွန်တော် အိပ်ရေးပျက်မယ့်နေရာပဲ။ အဲ့ဒီမှာနေရာကောင်းရပြီဆိုရင် ကောင်းကောင်းကြီး တိုက်ချလိုက်ရမှာပါ။ ခေါင်းကိုငုံ့ထားပြီး အပေါ်ပိုင်းနဲ့ ဂိုးထဲသို့ တိုက်ရမှာပါ" လို့ ရိုက်စ်က ပြောပါတယ်။

ဟွိုက်လန်းဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၂၄ ပွဲကစားပြီး ၆ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ အဲ့ဒီထဲက ၅ ဂိုးက ချန်ပီယံလိဂ်တွင် သွင်းယူခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် မိနစ် ၁၀၀၀ ကျော်ကစားထားတဲ့ အင်္ဂလန်ထိပ်တန်းလိဂ်မှာတော့ ၁ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

ယူနိုက်တက်အတွက် နောက်ထပ်စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်ခဲ့ပြီးနောက် ဟွိုက်လန်းဟာ ဇန်နဝါရီလ ၁၄ ရက် တော့တင်ဟမ်အသင်းနှင့် အိုးထရက်ဖို့ဒ်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသွင်းနိုင်ဖို့ မျှော်လင့်နေမှာပါ။

#မန်ချက်စတာယူနိုက်တက် #ရွိုင်ကိန်း #အက်ဖ်အေဖလား #ဝီဂန် #ဟွိုက်လန်း