ရှေ့သို့
Image

ဝီဂန်နဲ့ ပွဲမှာ ယူနိုက်တက်အတွက် ဂိုးသွင်းပေးနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဒါလော့

2:55 PM, 9 January

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့က ယနေ့နံနက်က ဝီဂန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

တန်ဟက်ရဲ့ အသင်းဟာ ဝီဂန်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ပြီး နောက်ခံလူ ဒီယေဂိုဒါလော့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၀-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဒါလော့က “ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီထက်ပိုပြီး ဂိုးတွေ ရခဲ့သင့်ပါတယ်။ ပွဲကို ကျွန်တော်တို့ဘက်ကပဲ ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်စစ်ဆင်မှုတွေလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ အနိုင်ရခဲ့လို့ ပျော်ပါတယ်” “ကျွန်တော် သွင်းယူခဲ့တဲ့ ဂိုးက ကျွန်တော့်ကို ယုံကြည်မှုတွေပေးပါတယ်။ အသင်းက ဂိုးတွေရရှိဖို့ လိုအပ်နေပေမယ့် အလျင်စလိုမလုပ်ဘဲ စိတ်အေးလက်အေးနဲ့ ကစားနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေအများကြီး ရရှိခဲ့ပေမယ့် ဂိုးရဖို့ စိတ်လောနေခဲ့လို့ လွဲချော်မှုတွေဖြစ်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့လည်း နောက်ခံလူက “ဒီရင်းနှီးမြှုပ်နှံမှုက အသင်းကို အပြုသဘောဆောင်တဲ့ ခံစားချက်တွေနဲ့ ကောင်းမွန်တဲ့စွမ်းအင်အသစ်တွေကို ယူဆောင်လာပေးပါတယ်။ ကျွန်တော်တို့က အနာဂတ်ကို ပုံဖော်ဖို့ အင်တိုက်အားတိုက်နဲ့ကြိုးစားနေပါပြီ။ သူတို့ယူလာတဲ့ တွန်းအားကို အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်မှာ ပရိသတ်တွေ ခံစားလို့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #အက်ဖ်အေဖလား #ဝီဂန်