ရှေ့သို့
Image

ဘန်လေနဲ့ ပွဲမှာ ပြန်လာနိုင်ဖို့ မမျှော်လင့်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်တဲ့ ဒီယေဂိုဂျိုတာ

3:35 PM, 29 December

ဒဏ်ရာပြဿနာကြောင့် ၁ လတာနားခဲ့ရပြီးနောက် လီဗာပူးတိုက်စစ်မှူး ဂျိုတာက သူ့အနေနဲ့ ဘန်လေနဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ မမျှော်လင့်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၆ နှစ်သားဟာ ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ပွဲစဉ် ၈ ပွဲကိုလွဲချော်ခဲ့တာ ဖြစ်ပြီး ဘန်လေနဲ့ပွဲမတိုင်ခင် ၂ ကြိမ်သာ လေ့ကျင့်ခန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ကလော့ပ်က အဆိုပါပွဲလူစာရင်းမှာ ဂျိုတာကိုထည့်သွင်းလာခဲ့ပြီး နည်းပြရဲ့ယုံကြည်ကို ဒုတိယသွင်းဂိုးနဲ့ ပြသနိုင်ခဲ့ကာ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်စေခဲ့ပါတယ်။

“အဲ့တာက ကြီးမားပါတယ်။ ပြီးတော့ကောင်းမွန်တဲ့ခံစားချက်လည်း ခံစားရပါတယ်။ တကယ့်ကိုရူးသွပ်ဖွယ်ရာ ၂၄ နာရီဖြစ်ခဲ့ပါတယ်။ ကျွန်တော်အရိုးသားဆုံးဝန်ခံရရင် အသင်းလူစာရင်းမှာ ပါဝင်လာဖို့ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်အိမ်မှာရှိနေခဲ့တာဖြစ်ပြီး အသင်းနဲ့လေ့ကျင့်ခန်းဆင်းဖို့ လိုအပ်ခဲ့တာပါ။ ဒါပေမယ့် အဲ့အခိုက်အတန့်မှာ ကျွန်တော်လုပ်နိုင်လိမ့်မယ်လို့ ခံစားခဲ့ရပါတယ်။ ပရိသတ်တွေ ၊ ကျွန်တော်တို့မိသားစု နဲ့ သူတို့အတွက် အထူးစပယ်ရှယ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့နိုင်ပွဲဖြစ်ခဲ့သလို ကွင်းထဲကိုပြန်လာပြီး ၃ မှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။ အားလုံးကို ခရစ္စမတ်လက်ဆောင်ပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က အသင်းနဲ့လေ့ကျင့်ခန်းအနည်းငယ်ပဲဆင်းခဲ့ရပေမယ့် ဒီပွဲအတွက် အသင့်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်အလုပ်ကြိုးစားခဲ့တာဖြစ်ပြီး ဂိုးတစ်ဂိုးပါသွင်းယူနိုင်ခဲ့လို့ ကျေနပ်မိပါတယ်”လို့ ဂျိုတာက ပြောကြားခဲ့ပါတယ်။

ကလော့ပ်ကတော့ ဆေးအဖွဲ့ဘက်က ဂျိုတာကို လေ့ကျင့်ခန်းထပ်ဆင်းခိုင်းပြီးမှ ကန်ခိုင်းဖို့ပြောကြားခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သူ့ကိုလူစာရင်းထဲပဲထည့်ဖို့ လုပ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူလေ့ကျင့်ခန်း ၂ ကြိမ်ပဲ ဆင်းထားရတာကြောင့်ပါ။ ဆေးအဖွဲ့က နောက်ထပ် လေ့ကျင့်ခန်းဆင်းပြီးမှ သုံးစေချင်နေပါတယ်။ ကျွန်တော်က သူအဆင်သင့်ဖြစ်လောက်ပြီထင်လို့ ထည့်ခဲ့တာပါ။ သူ့အတွက် ဒီညက အကောင်းဆုံးဖြစ်ခဲ့သလို နယူးကာဆယ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဘန်လေ #ဂျိုတာ #ပရီးမီးယားလိဂ်