ရှေ့သို့
Image

ဘရန်ဒန်ရော်ဂျာရဲ့နေရာမှာ အစားထိုးဖို့ မာတင်အိုနေးလ်ကို စဉ်းစားနေတဲ့ လက်စတာ

2:38 PM, 6 April

တန်းဆင်းဇုန်သို့ ရောက်ရှိခဲ့ပြီးနောက်မှာတော့ ရော်ဂျာကို ထုတ်ပယ်ခဲ့တဲ့ လက်စတာဟာ နည်းပြသစ်ခန့်အပ်ဖို့အတွက်ရှာဖွေနေတာဖြစ်ပါတယ်။ အင်္ဂါနေ့ညက ဗီလာကို အိမ်ကွင်းမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲကို လက်ထောက်နည်းပြတွေဖြစ်တဲ့ စတိုဝဲလ်နှင့် ဆက်ဒ်လာတို့က ကိုင်တွယ်ခဲ့တာဖြစ်ပြီး လက်ကျန်ရာသီပွဲစဉ်တွေအတွက် အတွေ့အကြုံရင့် နည်းပြတစ်ဦးကို ခန့်အပ်ဖို့အတွက် ကလပ်ကရှာဖွေနေပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကနေထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ပေါ်တာက အဆိုပါရာထူးကို ငြင်းပယ်ခဲ့ပြီး ဘင်နီတက်ဇ်နှင် ဟက်ဆန်ဟက်တယ်တို့က နည်းပြစာရင်းထဲတွင်ရှိနေကာ အိုနေးလ်ကလည်း ပါဝင်လာပြီဖြစ်ပါတယ်လို့ The Independent ကဖော်ပြထားပါတယ်။

ဝါရင့်နည်းပြကြီးဟာ လက်စတာကို ၁၉၉၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၁၉ခုနှစ်တွင် နောတင်ဟမ်ဖော်ရက်စ်အသင်းကနေ ထွက်ခွာခဲ့ကတည်းက နည်းပြအဖြစ် လုပ်ကိုင်ခြင်းမရှိခဲ့ကာ ပရီးမီးယားလိဂ်သို့ ပြန်လာဖွယ်ရှိနေပါတယ်။ အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အိုနေးလ်ဟာ အနားယူသွားတာမဟုတ်ဘဲ သင့်တယ်တဲ့အလုပ်ရှိရင် လက်ခံဖို့လမ်းဖွင့်ထားကြောင်း ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။

"ကျွန်တော်က ပွဲစဉ်တော်တော်များများကို တီဗီကတဆင့် အဆက်မပြက်ကြည့်ခဲ့တာပါ။ ပရီးမီးယားလိဂ်သာမက ဂျာမနီက ဘွန်ဒက်စ်လီဂါနှင့် နယ်သာလန်က အယ်ဒီဗီစီကိုလည်း ကြည့်ပါတယ်" "ပွဲတွေနဲ့ အဆက်ပြက်ခဲ့ခြင်းမရှိတာကြောင့် ဒီလိဂ်တွေရဲ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် သင့်တယ်လို့ခံစားမိပြီး သေချာစဉ်းစားသွားမှာဖြစ်ပါတယ်" လို့ အိုနေးလ်က ပြောခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့က ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့နေရာနဲ့ပတ်သက်ပြီး ဆက်ဒ်လာက "ဒီညပွဲကို ကိုင်တွယ်ပေးဖို့ ကလပ် တောင်းဆိုခဲ့တာပါ။ ဒါကပြီးသွားပါပြီ၊ ဒီအခြေအနေမှာ ကျွန်တော်လည်း အများကြီးသိထားတာမရှိပါဘူး" "မိုက်စတိုဝဲလ်နဲ့ ကျွန်တော်က ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက အတူတူကြိုးစားခဲ့ကြတာပါ။ စိတ်မကောင်းစရာဖြစ်ပြီး ရော်ဂျာကိုဆုံးရှုံးလိုက်ရတာကလည်းက ခက်ခဲတဲ့အရာတစ်ခုပါ သူက ထိပ်တန်းနည်းပြတစ်ဦးဆိုတာ ကျွန်တော်တို့သိပါတယ်။ သို့သော်လည်း ကလပ်ကသာ ဆုံးဖြတ်ချက်ချရတာပါ" "ဒီနောက်ပိုင်းဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့လည်းမသိပါဘူး ဒါကြောင့် လာမယ့်ရက်အတွင်း ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာမှမကြားမချင်း မိုက်နဲ့ကျွန်တော်က ကလပ်အတွက် လုပ်ဆောင်ပေးနေမှာပါ။ ကျွန်တော်တို့က ဒီမှာရှိနေတာ ကြာပြီဖြစ်တဲ့အတွက် ဒီကလူတွေရဲ့အကြောင်း အားလုံးကိုသိပါတယ်။ သူတို့တွေကလည်း ကျွန်တော်တို့ကိုသိပါတယ်။ ဒါကြောင့် ကလပ်အတွက် ကျွန်တော်တို့က ပေးဆပ်ပြီး လုပ်ဆောင်ပေးသွားမှာပါ" လို့ ပြောပါတယ်။

#လက်စတာ #ရော်ဂျာ #ပရီးမီးယားလိဂ် #အိုနေးလ်