ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲအတွက် အာတီတာ ဘယ်လိုစီစဉ်ထားလဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ထရိုဆက်

3:49 PM, 22 December

အာဆင်နယ်တိုက်စစ်မှူး လီအန်ဒရိုထရိုဆက်က မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ပွဲစဉ်အတွက် အသင်းနည်းပြ အာတီတာရဲ့ အစီအစဉ်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်ဟာ လီဗာပူးကို အန်ဖီးလ်မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယခုပွဲစဉ်ကို အနိုင်ရှိပါက ယာဂင်ကလော့ပ်ရဲ့ အသင်းကို ၄ မှတ်အထိဖြတ်တောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ဟာ ဦးဆောင်ဂိုး ၂ ဂိုးနဲ့အတူ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့သောလည်း ချေပဂိုး ၂ ဂိုးပြန်လည် ခွင့်ပြုခဲ့ရကာ သရေ ရလဒ်သာ ရရှိခဲ့တာကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းကို သိသိသာသာထိခိုက်ခဲ့ဖူးပါတယ်။

သို့သော်လည်း ထိုစဉ်က အာဆင်နယ်ဟာ ကစားသမား အစုံအလင်ကို ပွဲထုတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် အနိုင် မရရှိခဲ့တာဖြစ်ပေမယ့် ဒီတစ်ခေါက်မှာတော့ အာတီတာရဲ့ အသင်းဟာ ကိုင်ဟားဗက်ဇ်နဲ့ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူထားနိုင်တဲ့အပြင် အသင်းရဲ့နောက်ခံလူဆာလီဘာကလည်း ဒဏ်ရာပြဿနာနဲ့ဝေးကွာနေတာကြောင့် ပါဝင်လာမှာဖြစ်ပါတယ်။  ဒါကြောင့် ထရိုဆက်က ဒီတစ်ခေါက်မှာတော့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီကလို တူညီတဲ့ရလဒ်မျိုးကိုရှောင်ရှားပြီး အကောင်းဆုံးကစားသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

တိုက်စစ်မှူးက “ပြီးခဲ့တဲ့ ရာသီကပွဲဟာ အသင်းရဲ့ စီမံခန့်ခွဲမှုပိုင်း ချွတ်ချော်ခဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်။ ၂-၀ နဲ့ဦးဆောင်ထားနိုင်ချိန်မှာ ကျွန်တော်တို့အနေနဲ့ ၂ ဂိုးစလုံးကို ဖြုန်းတီးမပစ်သင့်ပါဘူး။ အဲဒါက အန်ဖီးလ်ကွင်းဖြစ်တာကြောင့် သူတို့ဟာ နောက်ဆုံးမိနစ်အထိ ဂိုးတွေသွင်းနိုင်တယ်ဆိုတာကို သိထားရပါမယ်။

ဒါကြောင့် ၂ ဂိုး အသာရနေချိန်မှာ အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့လိုအပ်တယ်ဆိုတာ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ သင်ခန်းစာရခဲ့ပြီးပါပြီ။ ၁-၀ နဲ့အနိုင်ရနေချိန်မှာတောင် အနိုင်ရလဒ်ကို ထိန်းဖို့ ခံစစ်ပိုင်းကို ကောင်းကောင်းကစားရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ဟာ အိမ်ကွင်း အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ၂-၀ နဲ့ သက်တောင့်သက်သာအနိုင်ယူခဲ့ပြီး ယခုပွဲစဉ်ကိုလည်း အလားတူရလဒ်မျိုးပုံဖော်နိုင်လိမ့်မယ်လို့ တိုက်စစ်မှူးက မျှော်လင့်နေပါတယ်။

ထရိုဆက်က “ဘယ်အသင်းကိုမဆို အနိုင်ရရှိတာက ကောင်းပါတယ်။ ဒါကြောင့် တစ်ပွဲနိုင်ပြီးသွားရင် နောက်တစ်ပွဲကိုလည်း အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြရပါမယ်။ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ ဘရိုက်တန်ကို အနိုင်ရရှိခဲ့ပြီး အဘက်ဘက်ကနေ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် အန်ဖီးလ်မှာလည်း ဒီလိုပွဲစဉ်မျိုးဖန်တီးချင်ပါတယ်။ ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းကို အနိုင်ရလိုစိတ်နဲ့ပဲချဉ်းကပ်ပါတယ်။ ဒါကြောင့် ဒီပွဲကိုလည်း အတူတူပါပဲ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဘယ်လောက်ကောင်းလဲဆိုတာသိပါတယ်။ အထူးသဖြင့် အိမ်ကွင်းမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ အကောင်းဆုံးပုံစံရှိနေရင် သူတို့ကွင်းမှာလည်း အကောင်းဆုံးယှဉ်ပြိုင်ပြီး အနိုင်ရနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ထရိုဆက် #ပရီးမီးယားလိဂ်