ရှေ့သို့
Image

တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ချဲလ်ဆီး ကပ္ပတိန်ရီစီဂျိမ်းစ်

10:04 AM, 22 December

ချဲလ်ဆီးကပ္ပတိန် ရီစီဂျိမ်းစ်ဟာ တံကောက်ကြော ဒဏ်ရာကို ဖင်လန်နိုင်ငံဆီ သွားရောက်ကုသမှာဖြစ်လို့ လေးလ ဝန်းကျင်ခန့် အနားယူရပါတော့မယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာပဲ ကျွမ်းကျင်ပါရဂူတွေရဲ့ ထပ်မံစစ်ဆေးမှုပြီးစီးခဲ့ပြီးနောက် ရီစီဂျိမ်းစ်ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရီစီဂျိမ်းစ်က တံကောက်ကြောဒဏ်ရာ အဖန်ဖန်တလဲလဲ ကြုံတွေ့ခံစားခဲ့ရပြီး အခုလိုခွဲစိတ်ကုသမှုခံယူရလို့ သူ့ရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲ ဆင်နွှဲခွင့်မျှော်လင့်ချက်အပေါ် ထိခိုက်နိုင်မလားဆိုတဲ့ သံသယတွေ ကြီးမားလာခဲ့ပါတယ်။ ဒါပေမယ့် ခွဲစိတ်ကုသမှုဟာ တံကောက်ကြောဒဏ်ရာပြဿနာကို ရေရှည်လျှော့ချပေးနိုင်ပြီး အပြည့်အဝပြန်လည်ကောင်းမွန်လာကာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ပေးနိုင်ဖို့ ရီစီဂျိမ်းစ်က မျှော်လင့်နေပါလိမ့်မယ်။

ချဲလ်ဆီးကပ္ပတိန်က ပြီးခဲ့တဲ့သုံးနှစ်အတွင်း တံကောက်ကြောဒဏ်ရာပြဿနာ ခုနစ်ကြိမ်အထိ ရင်ဆိုင်ခဲ့ရပါတယ်။ သြဂုတ်လ အတွင်း ပေါ်ပေါက်ခဲ့တဲ့ ဒဏ်ရာပြဿနာတစ်ခုကြောင့် သူက အခုဘောလုံးရာသီအစကနဦး နှစ်လတာ ကာလကို လွဲချော်ခဲ့သလို အခုလအစောပိုင်း၊ အဲဗာတန်နဲ့ ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်မှာလည်း သူ့ရဲ့တံကောက်ကြောဒဏ်ရာ ပြန်လည်ပေါ်ပေါက်လာပြန်ပါတယ်။

ချဲလ်ဆီး အသင်းဘက်ကတော့ ပြင်ပပညာရှင်တွေရဲ့အကူအညီရယူကာ အသင်းရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့၊ ကစားသမား၊ နည်းပြ ပိုချက်တီနိုတို့အတူ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ရီစီဂျိမ်းစ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒူးအရွတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့သလို လက်ရှိမှာ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် မျှော်လင့်ချက်ကလည်း မရေမရာအခြေအနေဆီ ရောက်ရှိလာပါတယ်။

ရီစီဂျိမ်းစ်ရဲ့ တံကောက်ကြောဒဏ်ရာက ခြေထောက်နှစ်ဖက်လုံးမှာ ခံစားနေရတယ်လို့ ယူဆရပြီး နောက်ဆက်တွဲအဖြစ် ဒူးဒဏ်ရာလို အခြားဒဏ်ရာ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တဲ့အလားအလာတွေ ရှိနေပြန်ပါတယ်။

#ချဲလ်ဆီး #ရီစီဂျိမ်းစ် #ပရီးမီးယားလိဂ်