ရှေ့သို့
Image

ဒဏ်ရာကနေ ပြန်လာနိုင်တော့မယ်လို့အသိပေးလာတဲ့ ရီစီဂျိမ်းစ်

2:56 PM, 1 March

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ဒီဇင်ဘာလ အစောပိုင်းကတည်းက အနားယူနေခဲ့ရပြီး အခုချိန်မှာတော့ ပြန်လည် ကစားနိုင်တော့မယ်လို့ အသိပေးလာခဲ့ပါတယ်။

ကစားသမားဟာ အဲဗာတန်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ အသက်-၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ ဖင်လန်နိုင်ငံမှာ ခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့သိရပါတယ်။

ဂျိမ်းစ်ဟာ တံကောက်ကြောဒဏ်ရာနဲ့ မကြာခဏကြုံတွေ့ခဲ့ရတာကြောင့် ယခုရာသီမှာ ချဲလ်ဆီးအသင်းအတွက် လုံလုံလောက်လောက်ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ ရာသီအစမှာတင် ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒဏ်ရာကနေ ပြန်လာနိုင်တော့မယ်လို့ ကြေညာခဲ့တာကြောင့် ရာသီပိတ်ပွဲစဉ်တွေမှာ အသင်းကို ပြန်လည်ကူညီသွားနိုင်ဖို့ရှိနေပါတယ်။

ဂျိမ်းစ်က “စိတ်ပျက်စရာ အဆင်မပြေမှုတွေ ကျော်လွန်ခဲ့ပါပြီ။ ကျွန်တော် ပြန်လာနိုင်တော့မယ်” လို့ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ကစားသမားဟာ ချဲလ်ဆီးအသင်းဂျာစီနဲ့ လေ့ကျင့်ရေးဆင်းနေတဲ့ပုံတွေ မျှဝေထားပါတယ်။ အဆိုပါဓာတ်ပုံတွေကတော့ ပြီးခဲ့တဲ့လက ဒိုဟာမှာ ရိုက်ကူးထားတဲ့ပုံတွေဖြစ်ပုံရပြီး ထိုစဉ်က ဂျိမ်းစ်ဟာ ချဲလ်ဆီးအသင်းရဲ့ ဆေးအဖွဲ့ဝင်တစ်ဦးနဲ့အတူ ကာတာမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ချဲလ်ဆီး အသင်းဖော်တွေဖြစ်တဲ့ ကူကူရယ်လာ၊ အန်ဇိုဖာနန်ဒက်စ်တို့နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ထပ်မံမျှဝေခဲ့ပါတယ်။

ဂျိမ်းစ်ဟာ လီဗာပူးကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းကို လာရောက်အားပေးကြည့်ရှုခဲ့တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် ကြားရက်ထဲက လိဒ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာလည်း အသင်းဖော်တွေကို စတန်းဖို့ဒ်ဘရစ်ချ်မှာ လာရောက်ဂုဏ်ပြုခဲ့သေးတာဖြစ်ပါတယ်။

မကြာခင်မှာပဲ ပြန်လည်ကစားနိုင်တော့မှာဖြစ်တာကြောင့် ဂျိမ်းစ်အနေနဲ့ ချဲလ်ဆီးအသင်းအတွက်သာမက ၂၀၂၄ ယူရိုပြန်ပွဲမှာ အင်္ဂလန်အသင်းအတွက်ပါ ပြန်လည်ပါဝင်ကစားနိုင်ချေရှိနေပါတယ်။ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးဟာ အဆင့် ၁၁ နေရာမှာရပ်တည်နေပြီး ဥရောပပြိုင်ပွဲဝင်ရောက်နိုင်ဖို့ အတော်လေးရုန်းကန်ရဦးမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ရီစီဂျိမ်းစ် #ပရီးမီးယားလိဂ်