ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်မှာ ၁၂ နှစ်ကြာနေထိုင်မှုကို အဆုံးသတ်တော့မယ့် မိုဒရစ်

2:40 PM, 16 December

ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ဆန္ဒမရှိတာကြောင့် ကစားသမားဟာ လာမယ့် နွေရာသီ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာပဲ ဘာနေဗျူးမှထွက်ခွာကာ စပိန်မြို့တော်အတွင်း ၁၂ နှစ်ကြာနေထိုင်မှုကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဘော်လွန်းဒီအော်ဆုရှင်ဟာ ၂၀၁၂ ခုနှစ်မှာ တော့တင်ဟမ်မှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ဆုဖလားများစွာရရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ သို့သော် ယခုအခါမှာတော့ ကစားသမားဟာ ရီးရဲမက်ဒရစ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့သိရပါတယ်။ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ခရိုအေရှားလက်ရွေးစင် ကစားသမားကို စာချုပ်သက်တမ်းတိုးမြှင်ဖို့ ရည်ရွယ်ထားခြင်းမရှိဘူးလို့သိရပါတယ်။

အသက်-၃၈ နှစ်အရွယ်ကွင်းလယ်လူဟာ ယခုရာသီ အန်ဆယ်လော့တီလက်ထက်မှာ ပုံမှန်နေရာမရရှိတာကြောင့် စိတ်ပျက်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ မိုဒရစ်ကို လီယွန်နယ်မက်ဆီရှိရာ အင်တာမီယာမီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရှိရာ အယ်လ်နာဆာတို့က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာခဲ့ပါတယ်။

မက်ဆီနဲ့ရော်နယ်ဒိုတို့ ကြီးစိုးနေတဲ့ ကာလမှာ မိုဒရစ်ဟာ အဆိုပါကစားသမား ၂ ဦးစလုံးကို ကျော်ဖြတ်ပြီး ၂၀၁၈  ဘော်လွန်းဒီအော်ဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ မှာကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေများစွာရရှိခဲ့သလို နိုင်ငံအသင်းကိုလည်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မိုဒရစ်ဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ရော်နယ်ဒိုနဲ့ မက်ဆီတို့ကြီးစိုးခဲ့တဲ့ ဘောလွန်းဒီအော်ဆုကို ပထမဆုံအကြိမ် ကျော်ဖြတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တော့တင်ဟမ် ကြယ်ပွင့်ဟောင်းဟာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာဖို့မရှိဘဲ အရန်ခုံမှာသာ ထိုင်ရဖို့အလားအလာများနေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #မိုဒရစ်