ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဝတ်ဆင်ခဲ့တဲ့ မက်ဆီရဲ့ အင်္ကျီကို အမေရိကန်ဒေါ်လာ ၇.၈ သန်းနဲ့ ရောင်းချခဲ့

2:31 PM, 15 December

ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားအတွင်း ပြင်သစ်ကို အနိုင်ယူပြီး အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလား အောင်မြင်မှုကို ဆွတ်ခူးခဲ့တဲ့ပွဲစဉ်မှာ ဝတ်ဆင်ကစားခဲ့တဲ့ အာဂျင်တီးနားဂန္ထဝင် လီယွန်နယ်မက်ဆီရဲ့ အင်္ကျီကို အမေရိကန်ဒေါ်လာ ၇.၈ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ထဲမှ အဆိုပါ အင်္ကျီဟာ တန်ဖိုးအကြီးဆုံး ဖြစ်ခဲ့တယ်လို့ လေလံပွဲမှတစ်ဆင့် Sotheby မှထုတ်ပြန်ကြေညာခဲ့ပါတယ်။  အဆိုပါပွဲစဉ်မှာ အာဂျင်တီးနားနဲ့ပြင်သစ်တို့ဟာ ပွဲကစားချိန်အတွက် ၃-၃ နဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ မက်ဆီရဲ့အသင်းကအနိုင်ရရှိကာ နိုင်ငံအတွက် ၃ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဘက်မှ သွင်းယူခဲ့တဲ့ သွင်းဂိုး ၃ ဂိုးထဲမှာ မက်ဆီဟာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

လေလံပွဲရဲ့အကြီးအကဲက “ဒီသမိုင်းဝင်အင်္ကျီတွေဟာ ဘောလုံးအားကစားသမိုင်းမှာ အရေးအကြီးဆုံး အခိုက်အတန့်တွေကို မြင်သာထင်သာရှိစေရုံသာမက သမိုင်းတစ်လျှောက် အခမ်းနားဆုံးသော ဘောလုံးသမားတွေရဲ့ ကစားသမားဘဝ အထွတ်အထိပ်ကာလကို မီးမောင်းထိုးပြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါအွန်လိုင်းလေလံပွဲကို ၂ ပတ်ကြာ ကျင်းပခဲ့ပြီး လေလံပစ္စည်းတွေကိုတော့ နယူးယော့ခ်ရှိ Sotheby ရုံးချုပ်မှာ ပြသထားခဲ့ပါတယ်။ အနိုင်ရရှိသွားတဲ့ လေလံဆွဲသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။  လေလံပွဲမှရရှိခဲ့တဲ့ ငွေကြေးတစ်စိတ်တစ်ပိုင်းကို လီယိုမက်ဆီဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့အတူ အမျိုးမျိုးသော ရောဂါဝေဒနာခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် လှူဒါန်းသွားမယ်လို့ Sotheby မှပြောကြားခဲ့ပါတယ်။

ဘာစီလိုနာမှာ ၁၇ နှစ်ကြာနေထိုင်ခဲ့တဲ့ အသက်-၃၆ နှစ်အရွယ် မက်ဆီဟာ လက်ရှိမှာ အင်တာမီယာမီအတွက် ကစားနေပါတယ်။ မကြာသေးမီက မက်ဆီဟာ ထိပ်တန်းဘောလုံးသမားတွေကို ပေးအပ်ချီးမြှင့်တဲ့ ဘောလွန်းဒီအော်ဆုကိုလည်း ၈ ကြိမ်မြောက် ဆွတ်ခူးရရှိထားပါတယ်။

မက်ဆီရဲ့အင်္ကျီဟာ အားကစားသမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး အင်္ကျီဖြစ်လာမယ်လို့ မျှော်လင့်ခဲ့သော်လည်း လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ လက်ရှိအချိန် အားကစားသမိုင်းမှာ တန်ဖိုးအကြီးဆုံး အင်္ကျီဟာ မိုက်ကယ်ဂျော်ဒန်ရဲ့ ၁၉၉၈ NBA ဗိုလ်လုပွဲအင်္ကျီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က Sotheby ကနေပဲ ဒေါ်လာ ၁၀.၁ သန်းနဲ့ရောင်းချနိုင်ခဲ့ပါတယ်။

#အာဂျင်တီးနား #မက်ဆီ