ရှေ့သို့
Image

လက်စတာမှ မထွက်ခွာခဲ့ခြင်းအတွက် နောင်တမရဘူးလို့ ထုတ်ပြောလိုက်တဲ့ တိုင်လီမန်စ်

10:09 AM, 21 September

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေတဲ့ကြားမှာပဲ လက်စတာမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် အထူးတလည်နောင်တရနေတာမျိုး မရှိဘူးလို့ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ တိုင်လီမန်းစ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်စတာအသင်းရဲ့ စိတ်ပျက်ဖွယ်ရာ ရလဒ်တွေနဲ့ ရာသီသစ်စတင်ပြီးနောက် အခုနိုင်ငံတကာသီတင်းပတ်ဟာ သူ့ရဲ့အသင်းကို အားအင်ပြန်လည်ဖြည့်တင်းနိုင်ဖို့ ခွင့်ပြုပေးလိမ့်မယ်လို့ တိုင်လီမန်းစ်က ယုံကြည်နေပါတယ်။

လက်စတာက အခုလက်ရှိ ပရီးမီးယာလိဂ် ၇ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးဆီ ရောက်ရှိနေတာပါ။ ရာသီအဖွင့်ပွဲစဉ်၊ ဘရန့်ဖို့ဒ်နဲ့ သရေကျပြီးနောက် လက်စတာဟာ လိဂ်ခြောက်ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ ဝေးလ်၊ နယ်သာလန်တို့နဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်လာတဲ့ တိုင်လီမန်းစ်က နိုင်ငံတကာသီတင်းပတ်က တကယ့်ကို ကောင်းမွန်တဲ့အချိန်မှာ ရောက်ရှိလာတာလို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အခုလက်ရှိ လက်စတာအသင်းမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် နိုင်ငံအသင်းနဲ့အတူ ခံစားမှုသစ်တွေ ရရှိတဲ့အပေါ် ကျေနပ်မိပါတယ်။ ကလပ်အသင်းအဆင့်မှာ အရာအားလုံးက ကောင်းမနေဘူးဆိုတာ ရှင်းလင်းပါတယ်။ ကျွန်တော်တို့ဟာ အသင်းတစ်သင်းအဖြစ် လုပ်နိုင်သမျှ အရာတွေအကုန်လုံးကို လုပ်နေပါတယ်။ လက်စတာမှာ ရှုံးပွဲတွေတောက်လျှောက်ကြုံခဲ့ရတာက အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့အပေါ် ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းအင်တွေ ပြန်လည်ဖြည့်တင်းဖို့ အခုနိုင်ငံတကာသီတင်းပတ်ကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေ လိုအပ်နေပါတယ်။ ရှေ့ဆက်စီမံကိန်းတွေက မှန်ကန်တဲ့အစီအစဉ်ဖြစ်ရမယ်လို့ ကျွန်တော်ပြောခဲ့တာကြောင့် ဒီနွေရာသီမှာ လက်စတာကနေ ကျွန်တော်မထွက်ခွာခဲ့ပါဘူး။ ဒါကြောင့် အခုအချိန် လက်စတာမှာဖြစ်ပျက်နေတဲ့အရာတွေက ကျွန်တော့်အတွက် နောင်တရသင့်တယ်လို့လည်း မဆိုလိုပါဘူး”လို့ တိုင်လီမန်းစ်က ပြောဆိုခဲ့တာပါ။

လက်စတာက လာမယ့်အောက်တိုဘာ ၃ ရက်မှာ တန်းဆင်းဇုန်ပြိုင်ဘက် နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

#လက်စတာ #အပြောင်းအရွှေ့ #တိုင်လီမန်စ်