ရှေ့သို့
Image

အိုနာနာအပေါ် ဘယ်လိုသဘောထားလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောကြားလာတဲ့ ဖာနန်ဒက်စ်

2:03 PM, 1 December

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဂါလာတာစာရေးကိုသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟာ ဆိုးဝါးတဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရကြောင်းနဲ့ ဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ကြောင်း ဝန်ခံခဲ့ပြီး အမှားကျူးလွန်ခဲ့တဲ့ အသင်းရဲ့ဂိုးသမားအိုနာနာအပေါ်မှာလည်း မှတ်ချက်ပေးလိုခြင်းမရှိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ အသင်းအဆင့်ကို တက်လှမ်းနိုင်မဲ့ မျှော်လင့်ချက်အတွက် အဲရစ်တန်ဟက်ရဲ့ အသင်းဟာ ဂါလာတာစာရေးကို သေချာပေါက်အနိုင်ယူဖို့ အင်စတန်ဘူလ်ကို ချီတက်လာခဲ့ကြသော်လည်း အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာရဲ့ အမှားအယွင်း ၂ ခုကြောင့် သရေရလဒ်ကိုသာပုံဖော်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

အသက်-၂၇ နှစ်အရွယ်ရှိ အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်ရဲ့ပွဲစဉ်တိုင်းမှာ ပွဲထွက် ပါဝင်ခွင့်ရနေသော်လည်း ပုံစံကောင်းရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ ဂါလာတာစာရေးကို ၃-၃ နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အမှားကျူးလွန်မိပြီး ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာကြောင့် အသင်းခေါင်းဆောင်ဖာနန်ဒက်စ်က ဂိုးသမားဟာ ယခုထက်ပိုပြီး ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်အသင်းခေါင်းဆောင်က “ကျွန်တော်တို့ တကယ်ကို ဆိုးဝါးတဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ အခွင့်အရေးကောင်းတွေဖန်တီး၊ နောက်ထပ်ဂိုးတွေ သွင်းပြီး ပွဲကိုအဆုံးသတ်နိုင်ဖို့နီးစပ်ခဲ့ပေမယ့် လုံလောက်တဲ့ ကြိုးစားအားထုတ်မှု မပြုလုပ်နိုင်ခဲ့ကြပါဘူး။ ပွဲကို ၂ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် လုံလောက်တဲ့ကာကွယ်မှုမပြုလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုး ၂ ဂိုးကို လွယ်လွယ်ကူကူခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ ဘာမှမလုပ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်။ ဂိုးတွေပေးလိုက်ရပေမယ့် ဂိုးပြန်သွင်းနိုင်ဖို့ အခွင့်အရေးတွေ ပြန်လည်ရရှိခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ကျွန်တော်တို့ အခွင့်အရေး ၄ ကြိမ်လောက်အထိရခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ့်အမှားကိုယ် သိရပါမယ်။ ကျွန်တော်တို့ရဲ့အမှားတွေကြောင့်ပဲ ဂိုးတွေခွင့်ပြုခဲ့ရတာပါ” လို့ ပြောကြားခဲ့ပါတယ်။

အသင်းရဲ့နည်းပြ အဲရစ်တန်ဟက်ကတော့ “ယခုလို နိုင်ပွဲမရရှိခဲ့တာဟာ တစ်သင်းလုံးနဲ့သက်ဆိုင်ကြောင်းပြောကြားခဲ့ပြီး တစ်ဦးချင်းအပြစ်တင်မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ သို့သော်လည်း ကစားသမားတွေအနေနဲ့ ကိုယ့်အမှားကိုယ် တာဝန်ယူသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ၎င်းက ကျွန်တော်တို့ဟာ ပွဲကို အနိုင်ရနေရာကနေ ချက်ချင်းရှုံးနိမ့်ခဲ့ရပါတယ်။ ကျွန်တော်တို့ အနိုင် ၃ မှတ်ရသင့်တယ်ဆိုတာ ရှင်းပါတယ်။ အခြားပွဲတွေမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ကစားပုံအရမ်းကောင်းခဲ့လို့ အသင်းကိုချီးကျူးရမှာတွေရှိသလို ဝေဖန်ရမှာတွေလည်းရှိနေပါတယ်။ အသင်းရဲ့ခံစစ်ပိုင်းက လုံလောက်တဲ့ ကာကွယ်မှုတွေမပြုလုပ်နိုင်ခဲ့ပါဘူး”

“ကျွန်တော်တို့က ၁-၃ နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတာ့ ကွဲပြားခြားနားတဲ့ရလဒ်ကိုပဲ ရရှိခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးတိုင်းမှာ အကြောင်းအရင်းတွေရှိပါတယ်။ ဒုတိယဂိုးမှာ ကွင်းလယ်မှာကတည်းက ဖျက်ထုတ်ဖို့အခွင့်အရေးရခဲပေမယ့် မဖျက်ထုတ်နိုင်ခဲ့လို့ ဖရီးကန်ခွင့်ပေးလိုက်ရတာပါ။ တတိယဂိုးမှာတော့ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ရှိခဲ့ပေမယ့် လိုအပ်တာထက်ပိုတဲ့ ပြိုင်ဘက်ရဲ့ စွမ်းဆောင်မှုကို အမှီ မလိုက်နိုင်ခဲ့ပါဘူး။ ဒီအမှားတွေကနေ ကျွန်တော်တို့ သင်ခန်းစာယူရပါမယ်။ ဒါပေမယ့် အသင်းရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ရဲရင့်တဲ့ကစားပုံကိုတော့ ကျေနပ်အားရပါတယ်။ အခွင့်အရေးအများကြီးဖန်တီးနိုင်သလို စွမ်းဆောင်ရည်ကောင်းတွေလည်းရှိခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ပွဲကိုအနိုင်ရရှိဖို့ လိုအပ်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #ဖာနန်ဒက်စ် #ချန်ပီယံလိဂ် #အိုနာနာ