ရှေ့သို့
Image

ဂါလာတာစာရေး အသင်းကို သရေကျခဲ့ပြီးနောက် ယူနိုက်တက်ဟာ အသင်းတစ်သင်းလို မကစားခဲ့ဘူးလို့ ပေါလ်စခိုးလ် ပြောကြား

2:43 PM, 30 November

ဂါလာတာစာရေးအသင်းကို ဦးဆောင်နိုင်ခဲ့ပြီးမှ ၃-၃ သရေကျခဲ့ပြီးနောက် ပေါလ်စခိုးလ်က ယူနိုက်တက်အသင်းဟာ စည်းကမ်းပိုင်းဆိုင်ရာပျက်ယွင်းနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ၁၈ မိနစ်အတွင်းမှာ ဂါနာချို ၊ ဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာ ဇီယက်ချ်က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ အဲ့နောက် တိုမီနေးလ်ရဲ့သွင်းဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်အမှားတွေကနေ ဇီယက်ချ်က နောက်တစ်ကြိမ် နဲ့ အက်ခ်တာကိုဂလူတို့က နောက်ကျချေပဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာ စခိုးလ်က ယူနိုက်တက်အသင်းရဲ့ပွဲအစီအစဉ် နဲ့ ချဉ်းကပ်ပုံကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ “ဒီလိုပွဲမျိုး ကျွန်တော်မမြင်ဖူးဘူးဆိုတာ ကျွန်တော်မသေချာပါဘူး။ အစကနေ အဆုံးအထိ လုံးဝကို ရူးချင်စရာပါ။ သူတို့  ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဲ့နောက် စည်းကမ်းပိုင်းဆိုင်ရာ ပျက်စီးမှုကြောင့် ချေပဂိုးတွေပေးလိုက်ရပါတယ်။ ဥရောပပြိုင်ပွဲမှာက အိမ်ကွင်းကနေ အဝေးကွင်းအထိ အနိုင်ရဖို့ဆိုတာ ခက်ခဲပါတယ်။ သူတို့ ကြိုးပမ်းခဲ့သလို ရနိုင်သလောက်ဂိုးတွေသွင်းဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက် ချေပဂိုး ၁ ဂိုးပေးလိုက်ရပြီး နောက်ထပ်ဆိုးဝါးတဲ့ ဂိုးတစ်ဂိုးလည်း ပေးလိုက်ရပါတယ်။ ဂိုးသမားအတွက်တော့ တကယ်ခက်ခဲခဲ့တဲ့ညတစ်ညပါပဲ။ ဒါပေမယ့် ဒီလိုမျိုးကိုယ်နိုင်သင့်တဲ့ပွဲကို လွှင့်ပစ်တဲ့ပွဲမျိုး ကျွန်တော် မမြင်ဖူးပါဘူး။ မင်းအနေနဲ့  ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သလို အဲ့နောက် ၃-၁ နဲ့ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးတွေပေးလိုက်ရတာက တော်တော်ဆိုးဝါးပါတယ်။ ကျွန်တော်ကတော့ သူတို့စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာမှုမရှိခဲ့ဘူးလို့ မြင်ပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

စခိုးလ်က နောက်တန်းမှာ ဦးဆောင်နိုင်မယ့်သူမရှိတာကို မေးခွန်းထုတ်ခဲ့ပြီး မက်ဂွါရီ နဲ့ လင်ဒီလော့ဖ်လို ကစားသမားမျိုးတွေက အသင်းဖော်တွေကို စိတ်အေးအေးထားကစားဖို့ တိုက်တွန်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ အိုဝင်ဟားဂရေ့ဗ်ကလည်း စခိုးလ်ရဲ့ပြောကြားချက်တွေကို ထောက်ခံခဲ့သလို ၃ မှတ်ပြည့်ရမယ့်ပွဲကနေ သရေ ၁ မှတ်ပဲရခဲ့လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

“သူတို့ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မြူးနစ်မှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူတို့အရေးနိမ့်ခဲ့ပါတယ်။ ကိုဗင်ဟေဂင်လည်း အတူတူပါပဲ။ အခုလည်း ၃ ဂိုးသွင်းပြီး သရေကျခဲ့ပါတယ်။ ဂိုးတွေကိုတိုက်စစ်ကသွင်းနိုင်ပေမယ့် ခံစစ်က လွယ်လွယ်ဂိုးပေးနေပါတယ်။ ဥရောပမှာ ဒါမျိုးသွားလုပ်လို့မရပါဘူး”လို့ အိုဝင်ကပြောကြားခဲ့ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာလည်း တိုမီနေးလ်က ရလဒ်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ကံကြမ္မာက အုပ်စုနောက်ဆုံး အိမ်ကွင်းပွဲဖြစ်တဲ့ ဘိုင်ယန်နဲ့ပွဲအပေါ်မှာ မူတည်နေတာဖြစ်ပြီး အဲ့မတိုင်ခင် စနေနေ့မှာ နယူးကာဆယ်အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #ချန်ပီယံလိဂ် #ပေါလ်စခိုးလ်