ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ ထရိုဆက်ထက် ကစားခွင့်ရတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြောင်း ဟာဇက် ဝန်ခံပြောကြား

12:54 PM, 14 March

ရီးရဲလ်တောင်ပံကစားသမား ဟာဇက်က မိမိအနေနဲ့ ကမ္ဘာ့ဖလားမှာ အာဆင်နယ်ကွင်းလယ်လူ ထရိုဆက်ကို ကျော်ပြီး ကစားခွင့်ရတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်းကမ္ဘာ့ဖလားမှာ ရလဒ်ဆိုးဝါးခဲ့မှုနဲ့အတူ နိုင်ငံအသင်း ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ရီးရဲလ်အသင်းမှာ ကစားခွင့်မရခဲ့ပေမယ့် ဟာဇက်တစ်ယောက် ဘယ်လ်ဂျီယံအသင်းနဲ့တော့ အုပ်စုအဖွင့်ပွဲ ၂ ပွဲစလုံးကို ပွဲထွက်ခွင့်ရရှိခဲ့ကာ မာတီနက်ဇ်ရဲ့အသင်းက ကနေဒါကို ၁-၀ နဲ့ အနိုင်ရခဲ့ပေမယ့် မော်ရိုကိုကိုတော့ အရေးနိမ့်ခဲ့ပါတယ်။

အသက် ၃၂ နှစ်သားဟာ ခရိုအေးရှားနဲ့ပွဲမှာတော့ ချန်လှပ်ခံခဲ့ရပြီး ထရိုဆက်က ပထမဆုံးပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ထရိုဆက်ဟာ ကမ္ဘာ့ဖလားမစခင် ဘရိုက်တန်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မပြီးခင်မှာ ၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဟာဇက်က အသက် ၂၈ နှစ်သားဟာ မိမိထက် ကမ္ဘာ့ဖလားမှာ ကစားခွင့်ထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော့်နေရာမှာ ထရိုဆက်ကို အစားထိုးသင့်တဲ့အကြောင်းပြောနေတာပါ။ သူ့မှာ ရာသီကောင်းတစ်ခုရှိပါတယ်။ သူအရန်ခုံထိုင်ရချိန်မှာ ကျွန်တော် အံ့သြခဲ့ရပါတယ်။ လူတွေကတော့ သာမန်ပါပဲလို့ ထင်နေကြမှာပါ။ အထူးသဖြင့် အီဂျစ်နဲ့ပွဲအပြီးမှာ ကျွန်တော်ကိုယ်တိုင်ကော အသင်းကကော ကစားပုံမကောင်းခဲ့ပါဘူး။ ရော်နယ်ဒိုဆိုရင်လည်း ကမ္ဘာ့ဖလားနောက်ဆုံးပွဲတွေကို ပါဝင်ခွင့်မရခဲ့ပါဘူး။ ဟာဇက်ဆိုရင်ပိုတောင်မရသင့်တာပါ။ အဲ့တာက ဘောလုံးပါ။ လူငယ်တွေက နေရာအစားထိုးယူနိုင်ဖို့ အသင့်ဖြစ်နေကြပါတယ်။ ကျွန်တော် လိုင်လီမှာ တောက်ပလာတုန်းက ဘက်စ်တို့စ်နေရာ အစားဝင်နိုင်ခဲ့ပါတယ်။ အဲ့တာက သာမန်ဖြစ်ပြီး ဘောလုံးမှာက ဖြစ်လေ့ဖြစ်ထရှိပါတယ်”လို့ ဟာဇက်က ပြောကြားခဲ့ပါတယ်။

ဟာဇက်က ဘယ်လ်ဂျီယံအသင်းကနေ အနားယူတာနဲ့ ပတ်သက်ပြီးလည်း ပြောကြားခဲ့ပါတယ်။ “အကြောင်းအရာတွေ အများကြီးပါ။ ယူရိုအပြီးမှာ ကျွန်တော် ဒီအကြောင်းစတွေးဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကျွန်တော် အလုပ်ကြိုးစားခဲ့ပေမယ့် ဒဏ်ရာတွေရခဲ့ပြီး အီတလီနဲ့ပွဲကို မကစားနိုင်ခဲ့ပါဘူး။ အဲ့တာက စိတ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်စေပါတယ်။ အကြောင်းအရာတွေ အများကြီးပါ။ မက်ဒရစ်အသင်းဖော် တိုနီနဲ့လည်း စကားပြောဖြစ်ခဲ့ပြီး သူတို့ဆို နိုင်ငံအသင်းကနေ အနားယူပြီး ကလေးတွေနဲ့ပျော်ရွှင်နေကြပါတယ်။ လူငယ်တွေကို နေရာပေးရမယ့် အချိန်ရောက်ပါပြီ”လို့ ဟာဇက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ရီးရဲလ်မက်ဒရစ် #ဟာဇက် #ထရိုဆက် #ပရီးမီးယားလိဂ်