ရှေ့သို့
Image

အလီဆင်၊ ဂျိုတာတို့ရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ယာဂန်ကလော့ပ်

11:08 AM, 30 November

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းဂိုးသမား အလီဆင်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ်နှစ်ပတ်ကြာ အနားယူရဖွယ်ရှိပြီး နောက်ထပ်ဒဏ်ရာရ ကစားသမားဖြစ်တဲ့ ဂျိုတာကလည်း အလီဆင် အနားယူရမယ့်ကာလထက် အနည်းငယ်ပိုကြာတဲ့ အချိန်အထိ ပြန်ကစားနိုင်ဖို့ မရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ မန်စီးတီးနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ အလီဆင်ဟာ ရှင်းထုတ်မှုတစ်ခုကို ပြုလုပ်ပြီးနောက် သူ့ကိုနာကျင်ထိခိုက်စေမယ့် ဒဏ်ရာ ရရှိလာခဲ့ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင် ယာဂန်ကလော့ပ်က ပွဲချိန်အတွင်း ခွင့်ပြုပေးထားတဲ့ လူစားလဲလှယ်မှုအားလုံးကို လုပ်ဆောင်ထားခဲ့ပြီးဖြစ်နေလို့ ဘရာဇီးလက်ရွေးစင် ဂိုးသမားဟာ ဒဏ်ရာနဲ့အတူ ပွဲပြီးဆုံးချိန်အထိ ဆက်ကစားခဲ့ရပါတယ်။

တနင်္လာနေ့ ဓါတ်မှန်ရိုက်စစ်ဆေးမှုအပြီးမှာ အလီဆင်ရဲ့ဒဏ်ရာက အလွန်ပြင်းထန်တယ်လို့ မသတ်မှတ်နိုင်ပေမယ့် လာမယ့်ပွဲစဉ်လေးပွဲအထိ လွဲချော်ရဖို့တော့ ရှိနေတယ်လို့ သိရပါတယ်။ အလားတူ ဂျိုတာကလည်း ဒဏ်ရာပြဿနာရှိနေလို့ အလီဆင်အနားယူရမယ့်ကာလထက် အနည်းငယ်ပိုကြာရှည်တဲ့ အချိန်အတိုင်းအတာအထိ ပြန်ကစားနိုင်ဖို့ မရှိသေးပါဘူး။ ဒါကြောင့် ပေါ်တူဂီတိုက်စစ်မှူးဟာ အလီဆင်ပြန်ကစားနိုင်ဖွယ်ရှိတဲ့ ဒီဇင်ဘာ ၁၇ ရက်၊ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကိုပါ လွဲချော်သွားဖို့ ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့သတင်းစာ ရှင်းလင်းပွဲအတွင်း ယာဂန်ကလော့ပ်က “ဒီကစားသမားနှစ်ဦးလုံး လင့်ဇ်နဲ့ ပွဲစဉ်ကို လွဲချော်ကြပါလိမ့်မယ်။ အလီဆင်က နည်းနည်းတော့ သက်သာလာပြီဆိုပေမယ့် နေ့ချင်းညချင်းတော့ ပြန်ကစားနိုင်ဖို့ မရှိသေးပါဘူး။ ဒီနေ့ညပွဲစဉ်ကို လွဲချော်မှာဖြစ်သလို တနင်္ဂနွေနေ့(ဖူလ်ဟမ်နဲ့ အိမ်ကွင်းပွဲစဉ်)ကိုလည်း လွဲချော်ပါလိမ့်မယ်။ နောက်တစ်ပတ်လောက်အထိလည်း ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။ ဒီကာလပြီးရင်တော့ အလီဆင်ရဲ့ဒဏ်ရာက အိုကေသွားသင့်ပါပြီ။ ဂျိုတာကတော့ နည်းနည်းပိုကြာပါလိမ့်မယ်။ ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျ မသိသေးပေမယ့် ဒဏ်ရာက နည်းနည်းတော့ ပြင်းထန်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

လက်ရှိမှာ အလီဆင်က ယူနီယံစိန့်ဂီလွိုက်စ်နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံး ပွဲစဉ်အထိ လွဲချော်ရဖို့ ရှိနေလို့ လီဗာပူးအသင်းရဲ့ဂိုးပေါက်ကို ကလယ်ဟာက ကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်။ ဒီလိုအခြေအနေတွေမှာပဲ ကလော့ပ်က တစ်ခုတည်းသော အကောင်းမြင်စရာအခြေအနေကို ထုတ်နှုတ်ပြောဆိုလာခဲ့ပါတယ်။

“အခုလို အခြေအနေတွေအတွက် ကလယ်ဟာကို အသင်းက လိုအပ်နေဆဲပဲဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ကလယ်ဟာအပါအဝင် ဘယ်သူမဆိုကတော့ အလီဆင်ဒဏ်ရာရရှိသွားတဲ့အခြေအနေကို မလိုချင်ကြပါဘူး။ ဒါပေမယ့် အခုလိုအခြေအနေမျိုးကြုံတွေ့လာရမယ်ဆိုရင်တော့ အကောင်းဆုံးရွေးချယ်မှုတစ်ခု လိုအပ်လာပါတယ်။ ကျွန်တော်တို့အတွက်တော့ ကလယ်ဟာပါပဲ။ ဒါကတော့ ကျွန်တော်တို့အတွက် တစ်ခုတည်းသော အကောင်းမြင်စရာအချက်ပါပဲ။ ကျွန်တော်တို့မှာ ကလယ်ဟာ ရှိပါတယ်။ ဒါကြောင့် အိုကေပါတယ်။ ဘာပဲဖြစ်ဖြစ် သူနဲ့ထိုက်တန်တဲ့အခွင့်အရေးကို သူကိုယ်တိုင် ရရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ညပွဲစဉ်မှာ ကလယ်ဟာ ကစားရမယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် နောက်ထပ်လည်း သူ့အတွက် ပွဲစဉ်အချို့ရှိလာနိုင်လို့ သူ့ရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝပြသလိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ်”လို့ ကလော့ပ်က ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #အလီဆင် #ဂျိုတာ #ပရီးမီးယားလိဂ်