ရှေ့သို့
Image

အနားမယူခင် ဆော်ဒီလိဂ်ကနေ တစ်ပတ်လုပ်ခ ပေါင် ၁ သန်းနဲ့ ကမ်းလှမ်းမှုရခဲ့သေးတဲ့ အီဒင်ဟာဇက်

2:53 PM, 21 November

ကမ္ဘာ့ထိပ်တန်းကစားသမားအတစ်ဦးအဖြစ် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနဲ့ အတူ အချိန်အတိုင်းအတာ တစ်ခုအထိ သက်သေပြအပြီးမှာ ကစားသမားဘဝ တိုးတက်ရေးအတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပေမဲ့ ထင်သလို ဖြစ်မလာခဲ့တဲ့ ဟာဇက်က အနားယူရန်သာ ရွေးချယ်ခဲ့ပြီး ဆော်ဒီလိဂ်ဘက်မှ တစ်ပတ်လုပ်ခ ပေါင် ၁သန်းဖြင့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဟာဇက်အနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်းမှာပဲ ကစားသမားဘဝမှ အနားယူမယ့်အကြောင်း တရားဝင်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။ ဟာဇက်က ရီးရဲလ်မက်ဒရစ် အသင်းတွင် စာချုပ်ဖျက်သိမ်းအပြီးမှာ အမေရိကန်မေဂျာလိဂ်ကလပ်အသင်းတွေအပါအဝင် ဥရောပအခြေစိုက်နာမည်ကျော် ကစားသမားတွေကို လုပ်ခနှုန်းထားမြင့်မားစွာ ပေးချေခေါ်ယူနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းအချို့က ချိတ်ဆက်ခဲ့သေးပေမဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်ဘက်က ငြင်းပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကစားသမားဘဝမှာ အနားယူချိန်တွင် အသက် ၃၂ နှစ်အရွယ်သာရှိသေးတဲ့ ဟာဇက်အတွက် အနားမယူခင်အတောအတွင်း ၄ လခန့်အထိ မေဂျာလိဂ်ကလပ်တွေနဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေက မြင့်မားတဲ့ လုပ်ခနှုန်းထားတွေဖြင့် ဆက်တိုက်ဆိုသလို ကမ်းလှမ်းမှု ပြုလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံစူပါစတား အီဒင်ဟာဇက်အနေဖြင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ လိုင်လီ၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကလပ်ပွဲပေါင်း ၆၂၀ အထိ ကစားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ကြိမ်၊ လာလီဂါ၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ လီဂူဝမ်းဆုဖလား တို့ကို ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆော်ဒီလိဂ်မှ မြင့်မားတဲ့ လုပ်ခနှုန်းထားဖြင့် ကမ်းလှမ်းချက်တွေ ရခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ ရီယိုဖာဒီနန်နဲ့ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုအတွင်းမှာ အီဒင်ဟာဇက်က “ကျွန်တော်အနားမယူခင် ဆော်ဒီလိဂ်ဘက်မှ ကမ်းလှမ်းမှုတွေ နှစ်ကြိမ်သုံးကြိမ်လောက် ရခဲ့သေးပါတယ်။ ဒါပေမဲ့ တစ်ပတ်ကို ပေါင် တစ်သန်းလောက်ရနေမယ့် အခွင့်အရေးကို ပယ်ချပစ်ခဲ့ပါတယ်” “ဘာလို့လဲဆိုရင် ကျွန်တော် ပိုက်ဆံတွေအများကြီး လှည့်သုံးနေတတ်တဲ့ လူမျိုးမှမဟုတ်တာပဲဗျာ။ ဒါ့အပြင် မိသားစုကို လိုလေသေးမရှိထားနိုင်လောက်တဲ့ အဆင့်အတန်းတစ်ခုတော့ ကျွန်တော့်မှာ ပိုင်ဆိုင်ထားပါတယ်”လို့ ပြန်ပြောင်းပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #ဟာဇက် #ပရီးမီးယားလိဂ်