ရှေ့သို့
Image

အသင်းခေါင်းဆောင်အိုဒီဂတ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေသလို ဘန်ဝှိုက်ကိုလည်း စာချုပ်သက်တမ်းတိုးတော့မယ့် အာဆင်နယ်

2:03 PM, 15 September

အာဆင်နယ်ဟာ အသင်းခေါင်းဆောင် အိုဒီဂတ်ကို စာချုပ်သစ် ချုပ်ဆိုရန်ဆွေးနွေးမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်တော့မှာဖြစ်ပြီး နောက်ခံလူ ဘန်ဝှိုက်ကိုလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီဖြစ်ပါတယ်။ ဂန်းနားတို့ဟာ အာတီတာရဲ့လက်အောက် အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ အဓိကကစားသမားတွေအဖြစ် ပါဝင်နေတဲ့ အိုဒီဂတ်နဲ့ ဘန်ဝှိုက်တို့ကို ကာလရှည်ကြာဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက်  ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင်အိုဒီဂတ်ရဲ့ စာချုပ်က လာမယ့်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်က အဆိုပါကွင်းလယ်လူရဲ့ အနာဂတ်ကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ကနဦးက ၄ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တဲ့ အာဆင်နယ်နဲ့ အိုဒီဂတ်တို့ရဲ့ သဘောတူညီချက်ဟာ လက်ရှိမှာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေတာကြောင့် အာဆင်နယ်က နော်ဝေကွင်းလယ်လူကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

ယခုချုပ်ဆိုမယ့် စာချုပ်သစ်အရ အိုဒီဂတ်ဟာ လုပ်ခလစာအဖြစ် တစ်ပတ်ကို ပေါင် ၁ သိန်း ၂ သောင်းအထိ သိသိသာသာ တိုးမြင့်ရရှိသွားမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းအသစ်များရဲ့ အသေးစိတ်အချက်အလက်များကို အတည်ပြုရန်လိုအပ်နေသော်လည်း သတင်းရင်းမြစ်များအရ အပြုသဘောဆောင်ရဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ နောက်ခံလူဘန်ဝှိုက်ကိုလည်း စည်းမျည်းစည်းကမ်းအသစ်များနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးတော့မှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဘရိုက်တန်မှ ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဝှိုက်ဟာ အသင်းသို့စတင်ရောက်ရှိလာကတည်းကအ‌ရေးပါတဲ့ကစားသမားအဖြစ် ပါဝင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ဘန်ဝှိုက်တို့ရဲ့ စာချုပ်သက်တမ်းဟာ ၂ နှစ်ကျော်ကျန်ရှိနေသေးသော်လည်း အသင်းက နောက်ခံလူကို စာချုပ်သက်တမ်းတိုးပြီး ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အသင်းအတွက် အရေးပါတဲ့ကစားသမား ၂ ဦးကို စာချုပ်သက်တမ်းတို့မြှင့်နိုင်ရေး ဆွေးနွေးမှုကို အာဆင်နယ်အသင်းဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရှိရပါတယ်။

#အာတီတာ #အာဆင်နယ် #ဘန်ဝှိုက် #အိုဒီဂတ် #ပရီးမီးယားလိဂ်