ရှေ့သို့
Image

ဂျီဘရော်တာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး အသင်းကစားသမားတွေကို တိုက်တွန်းမှုတစ်ခုပြုလုပ်ခဲ့တဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်

4:32 PM, 20 November

ပြင်သစ်က ဂျီဘရော်တာကို စံချိန်တင်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ ပြိုင်ဘက်အပေါ် ခုနစ်ဂိုးပြတ် ဦးဆောင်ထားနိုင်ပေမယ့် နည်းပြ ဒက်ချမ့်စ်က အသင်းသားတွေကို ကစားအားမချဘဲ ဂိုးတွေဆက်လက်သွင်းယူဖို့ ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အမ်ဘာပေရဲ့ဟက်ထရစ်၊ ဂီရော့ဒ်ရဲ့နောက်ကျသွင်းဂိုးနှစ်ဂိုးအပါအဝင် ပြင်သစ် ကစားသမား ၉ ဦးရဲ့ သွင်းဂိုးတွေအပြင် ပြိုင်ဘက်နောက်ခံလူ အီသန်ဆန်းတို့စ်ရဲ့ O.G ကိုပါ မြင်တွေ့ခဲ့ရပါတယ်။ ပွဲအစမိနစ်ပိုင်းမှာပဲ ကိုယ့်ဂိုးကိုသွင်းယူမိခဲ့တဲ့ ဂျီဘရော်တာ နောက်ခံလူ အီသန်ဆန်းတို့စ်ဟာ နောက်ထပ် ၁၅ မိနစ်အကြာမှာတော့ ပြင်သစ်ကွင်းလယ်လူ ဇိုင်းရီအမ်မရီကို ကစားပုံကြမ်းတမ်းခဲ့လို့ ကွင်းတွင်းမှ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး ပြင်သစ်က ဂျီဘရော်တာကို ၇-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ပေမယ့် နည်းပြ ဒက်စ်ချမ့်စ်ကတော့ အသင်းသားတွေကို နောက်ထပ်ဂိုးတွေ ဆက်သွင်းပြီး စံချိန်တွေကို ချိုးဖျက်ပစ်လိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒက်စ်ချမ့်စ်က “ပထမပိုင်းမှာ မင်းတို့ အမှတ်ပြည့်ရခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာလည်း ဒါမျိုးတွေ ထပ်လုပ်ကြရအောင်။ ရနိုင်သလောက်ဂိုးတွေသွင်းစမ်းပါ။ ၇-၀ ဆိုတာက မလုံလောက်ဘူး။ ငါက ကစားသမားတိုင်းဆီက သွင်းဂိုးကိုလိုချင်တာ။ စံချိန်က ၁၀-၀ တဲ့။ ဒီလောက်ကတော့ ငါတို့ ချိုးဖျက်လို့ရတယ်။ ကြိုးစားထားကောင်လေးတွေ” လို့ ပထမပိုင်းပွဲချိန်အပြီးမှာ ပြောဆိုခဲ့ပါတယ်။

အခုပွဲစဉ်မှာ အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဂျီရော့ဒ်လည်း အရန်ခုံမှဆင်းကာ သွင်းဂိုး ၂ ဂိုးအထိရယူနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ပြင်သစ်က ၂၀၀၆ ခုနှစ်အတွင်း ယူရို-၂၀၀၈ ခြေစစ်ပွဲစဉ်အဖြစ် ဂျာမနီရဲ့ ဆန်မာရီနိုကို  ၁၃-၀ ဂိုးအနိုင်ရရှိမှုစံချိန်ကို ကျော်ဖြတ်သွားခဲ့ပါတယ်။

ကမ္ဘာ့အဆင့်-၂ နေရာမှာရပ်တည်နေတဲ့အသင်းအတွက် မားကက်စ်သူရမ်၊ ဂျိုနသန်ကလော့စ်၊ ဖိုဖာနာ၊ ရာဘီယော့၊ ဒမ်ဘီလီ၊ အမ်မရီ၊ ဂျီရော့ဒ်၊ ကိုးမန်းနဲ့ အမ်ဘာပေတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပြင်သစ်အသင်းက ဂိုးပေါက်ကန်သွင်းမှု ၃၉ ကြိမ်နဲ့ ဂိုးပေါက်တည့်ကန်ချက် ၁၉ ကြိမ်အထိရှိခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၁၉၈ ရှိတဲ့ဂျီဘရော်တာကတော့ အခွင့်အရေးဖန်တီးနိုင်ခဲ့ခြင်းမရှိတာကြောင့် သွင်းဂိုးမရယူနိုင်ခဲ့ပါဘူး။

ပြင်သစ်က ယူရို-၂၀၂၄ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲကြုံတွေ့ထားရခြင်းလုံးဝမရှိဘဲ အခုပွဲစဉ်မတိုင်ခင်မှာ ခြေစစ်ပွဲအောင်မြင်ထားခဲ့ပါတယ်။ ဂျီဘရော်တာကတော့ ယူရို-၂၀၂၄ ခြေစစ်ပွဲတစ်လျှောက် ပွဲတိုင်းရှုံးနိမ့်ခဲ့သလို သွင်းဂိုးလည်းမရယူနိုင်ခဲ့ပါဘူး။

#ပြင်သစ် #ဒက်စ်ချမ့် ယူရို၂၀၂၄ခြေစစ်ပွဲ