ရှေ့သို့
Image

ဒူဘိုင်းမြို့မိသားစုခရီးစဉ်အတွင်း ဖာမီနိုရဲ့ဖခင်ဖြစ်သူ နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွား

4:12 PM, 20 November

လီဗာပူးကြယ်ပွင့်ဟောင်း ဖာမီနိုရဲ့ဖခင်ဖြစ်သူဟာ ဒူဘိုင်းမြို့ဆီ အလည်အပတ်ထွက်ခွာလာတဲ့ မိသားစုခရီးစဉ်အတွင်း ပြီးခဲ့တဲ့စနေနေ့ ညပိုင်းမှာ ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါတယ်။

အသက်-၆၂ နှစ်အရွယ်ရှိ ဟိုဆေးရော်ဘတ်တိုကော်ဒဲရိုဒီအိုလီဗီယာက ရုတ်တရက်နှလုံးဖောက်မှုတစ်ခုကို ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိမှာ မိသားစုဝင်တွေက ယူအေအီးမှာရှိနေတဲ့ ဘရာဇီးသံရုံးဆီဆက်သွယ်ပြီး ရုပ်အလောင်းကို မိခင်မြေဆီ ပြန်လည်သယ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဖာမီနိုရဲ့သတင်းထုတ်ပြန်ရေးဝန်ထမ်းကိုယ်တိုင်ကရော၊ ကစားသမားနဲ့နီးစပ်တဲ့ သူငယ်ချင်းတွေကပါ ဘရာဇီးပြည်တွင်းထုတ် UOL သတင်းမီဒီယာဆီ အဆိုပါနာရေးသတင်းကို အတည်ပြုပေးခဲ့ပါတယ်။မိသားစုနဲ့ နီးစပ်သူတစ်ဦးက “ဟိုဆေးက အရမ်းတော်တဲ့သူတစ်ဦး၊ စိတ်ထားအရမ်းကောင်းသလို အရမ်းလည်း ရယ်ရပါတယ်။ ဒါမျိုး ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး”လို့ ဆိုပါတယ်။

ဖာမီနိုကလည်း မကြာသေးမီကမှ ထုတ်ဝေခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းစာအုပ်မှာ ဖခင်ဖြစ်သူကို ဟီးရိုးတစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ်။ “ဟီးရိုးတိုင်းကတော့ မျက်နှာဖုံးမတပ်ထားကြပါဘူး။ အချို့ကို အဖေလို့ ခေါ်ကြပါတယ်။ ကျွန်တော့်ဖခင် ဟိုဆေးကတော့ ကျွန်တော့်ရဲ့ငယ်ဘဝသူရဲကောင်း၊ အတုယူစရာ စံနမူနာပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ မိသားစုအတွက်ပဲ အမြဲတမ်းစိတ်ကိုနှစ်မြှုပ်ထားတဲ့ စေတနာအပြည့်၊ ရိုးသားတည်ကြည်သူတစ်ဦးပါ”လို့ ဖာမီနိုက ရေးသားခဲ့ပါတယ်။

ဖာမီနိုရဲ့ဇနီး လာရစ်ဆာပါရဲယားကလည်း သူမနဲ့အတူယောက္ခထီးဖြစ်သူရဲ့ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းအချို့ကို လူမှုကွန်ရက်မှတဆင့် မျှဝေကာ “ဒီအခိုက်အတန့်တွေအတွက် ကျေးဇူးတင်ပါတယ်၊ ဘုရားသခင်”လို့ ရေးသားခဲ့ပါတယ်။

ဖာမီနိုရဲ့ငယ်ဘဝကလပ်အသင်း CRB ကတော့ ဟိုဆေးဟာ သားဖြစ်သူ ဘောလုံးကစားနေတာကို ကြည့်ရှုနေရလို့ အရမ်းပျော်ရွှင်နေတက်သူတစ်ဦးအဖြစ် သတင်းစကားပါးပေးခဲ့ပါတယ်။

#လီဗာပူး #ဖာမီနို #ပရီးမီးယားလိဂ်