ရှေ့သို့
Image

အီဂျစ်အတွက် ကစားပေးရင်း ကွင်းတွင်းကျူးကျော်ဝင်ရောက်လာသူတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ မိုဆာလက်

3:16 PM, 20 November

ဆီရီယာလီယွန်နဲ့ ရင်ဆိုင်ကစားရတဲ့ အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ကွင်းတွင်း ကျူးကျော်ဝင်ရောက်လာသူတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ မိုဆာလက်ကို ပွဲအပြီးမှာတော့ စစ်ဘက်အရာရှိတွေက လုံခြုံရေးယူပေးကာ ကွင်းအပြင်ဆီ ခေါ်ဆောင်ပေးခဲ့ပါတယ်။

ယမန်နေ့(တနင်္ဂနွေနေ့)မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား(အာဖရိကဇုန်)ခြေစစ်ပွဲ အုပ်စုပွဲစဉ်အတွင်း ရူအီဗစ်တိုးရီးယားရဲ့အသင်းက ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းထရာဇီဂေးရဲ့ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ အဲ့ဒီပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်း၊ ပြိုင်ဘက်ပရိသတ်အချို့ ကွင်းတွင်းကျူးကျော်ဝင်ရောက်လာပြီး ပေါ်ပေါက်လာတဲ့ စိတ်မသတီစရာမြင်ကွင်းအချို့ကြောင့် အီဂျစ်အသင်းရဲ့နှစ်ဂိုးပြတ်နိုင်ပွဲဟာ ရုပ်ဆိုးအကျည်းတန်သွားစေတာပဲ ဖြစ်ပါတယ်။

လိုက်ဘေးရီးယားနိုင်ငံ၊ Samuel Kanyon Doe ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ အခုပွဲစဉ်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကို စောင့်ကြည့်နေတဲ့ မိုဆာလက်နဲ့ အီဂျစ်အသင်းဖော်တွေဆီ ပရိသတ်အချို့ ဝင်ရောက်ဖို့ ကြိုးပမ်းချိန် ကွင်းလုံခြုံရေးတွေရဲ့ မာန်ပါပြင်းထန်တဲ့တားဆီမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ကွင်းလုံခြုံရေးဝန်ထမ်းတွေက ကွင်းတွင်းကျူးကျော်ဝင်ရောက်သူတွေကို အချိန်မီတားဆီးနိုင်ခဲ့မှုကြောင့် ထိခိုက်မှုတစုံတရာမဖြစ်ပွားခဲ့ပါဘူး။ ပွဲစဉ်အပြီးမှာတော့ စစ်ဘက်အရာရှိတွေရဲ့ဝန်းရံပေးမှုနဲ့အတူ မိုဆာလက်က ကွင်းတွင်းဥမင်လိုဏ်ခေါင်းဆီ ထွက်ခွာသွားခဲ့ရပါတယ်။

ကွင်းအတွင်းကျူးကျော်ဝင်ရောက်လာတဲ့ ဆီရီယာလီယွန်ပရိသတ်အချို့က လီဗာပူးကြယ်ပွင့်ကို တိုက်ခိုက်ဖို့ကြံရွယ်ချက်ဖြင့် လုပ်ဆောင်လာမှုဖြစ်တယ်လို့ သိရပေမယ့် ဘယ်လိုရည်ရွယ်ချက်တွေရှိခဲ့သလဲ ဆိုတာကိုတော့ အတိအကျမသိရှိရသေးဘူးလို့ The Express သတင်းဌာနက ဖော်ပြပါတယ်။

မကြာမီမှာပဲ လူမှုကွန်ရက်စာမျက်နှာတွေထက် ထွက်ပေါ်လာတဲ့ အခင်းဖြစ်ရုပ်သံမှတ်တမ်းနဲ့ ဗီဒီယိုဖိုင်တွေမှာတော့ မန်စီးတီးဂျာစီဝတ်ကွင်းတွင်း ကျူးကျော်ဝင်ရောက်သူတစ်ဦးကို မြင်တွေ့ခဲ့ရပြန်ပါတယ်။ ဒါက ပြီးခဲ့တဲ့ ကြာသပတေးနေ့၊ ဂျီဘူတီနဲ့ကစားရတဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ မိုဆာလက်အတွက် အမှတ်ရဖွယ်နေ့ရက်အချို့ ဖြစ်လာပါလိမ့်မယ်။

အခုဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင် အသင်းတို့အတွက် ပြိုင်ပွဲစုံ ၁၆ ဂိုးအထိ သွင်းယူထားနိုင်တဲ့ အသက်-၃၁ နှစ်အရွယ်ကစားသမားက ဂျီဘူတီကို ခြောက်ဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း တစ်ဦးတည်း လေးဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အခုလိုကြိုးစားအားထုတ်မှုတွေကြောင့် မိုဆာလက်ဟာ အီဂျစ်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့် ပွဲစဉ်တွေမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အီဂျစ်လက်ရွေးစင်အသင်း နည်းပြ ရူအီဗစ်တိုးရီးယားကတော့ မိုဆာလက်ဟာ ထိပ်တန်းအဆင့်မှာ နောက်ထပ်လေး၊ငါးနှစ်လောက် ကစားနိုင်စွမ်းရှိသေးတယ်လို့ ယုံကြည်နေပါတယ်။

#လီဗာပူး #ဆာလက် #ပရီးမီးယားလိဂ်