ရှေ့သို့
Image

တရုတ်နဲ့ သွားရောက်ယှဉ်ပြိုင်မယ့်ပွဲမှာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ တောင်ကိုရီးယားအသင်းကို သတိပေးထားတဲ့ ဆွန်ဟောင်မင်

2:51 PM, 20 November

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် တောင်ကိုရီးယား အသင်းဟာ မနက်ဖြန်မှာ တရုတ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသင်းသားတွေကို တရုတ်ပရိသတ်တွေ ရှေ့မှာ တည်တည်ငြိမ်ငြိမ်ရှိနေကြဖို့ အသင်းခေါင်းဆောင်ဆွန်ဟောင်မင်က သတိပေးထားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို တရုတ်နယ်စပ်ရှိ ရှင်ကျန်းပြည်နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အခြားထင်ရှားတဲ့ ပွဲစဉ်တွေမှာတော့ ဩစတြေးလျက ကူဝိတ်မှာ ပါလက်စတိုင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဂျပန်က ဆီးရီးယားနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဥဇဘက်ကစ္စတန်၊ အိန္ဒိယနဲ့ ကာတာ တို့ပွဲစဉ်တွေကိုလည်း မနက်ဖြန်မှာပဲ ကျင်းပသွားမှာဖြစ်ပါတယ်။

ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ တောင်ကိုရီးယားက စင်္ကာပူကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီး တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကလည်း ဂိုးဧရိယာအပြင်မှကန်ချက်နဲ့အတူ သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ တရုတ်ကလည်း ထိုင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် တောင်ကိုရီးယားနဲ့ ရမှတ်တူ အုပ်စုဒုတိယနေရာမှာရပ်တည်နေပါတယ်။

တောင်ကိုရီးယားကို ရှင်ကျန်းပြည်နယ်က လူတွေက အလွန်နှစ်သက်ကြတယ်လို့ သိရပါတယ်။ သို့သော် ဆွန်က “အာရှအသင်းတွေက ကျွန်တော်တို့ကို ရုပ်ပိုင်းဆိုင်ရာ ဆန့်ကျင်မှုတွေပြုလုပ်လာမယ်လို့ထင်ပါတယ်။ ဒါက သူတို့ရဲ့ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီလိုအရာတွေကို သတိထားဖို့နဲ့ အစီအစဉ်အတိုင်းပွဲကို ကစားနိုင်ဖို့လိုပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယခု တရုတ်နဲ့ တောင်ကိုရီးယားတို့ကစားကြမယ့် ရှင်ကျန်းပြည်နယ်ရှိ အားကစားကွင်းဟာ လူပေါင်း ၄ သောင်းကျော် ဝင်ဆံ့တယ်လို့သိရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖင်ဟာ တရုတ်ဘောလုံးလောကအတွက် ရည်မှန်းချက်ကြီးကြီးမားမား ရှိနေပြီး တစ်နေ့မှာ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ဆွတ်ခူးနိုင်ရန်ပင် ရည်ရွယ်ထားသော်လည်း တရုတ်အသင်းဟာ ၂၀၀၂ ခုနှစ်တုန်းကသာ ခြေစစ်ပွဲတစ်ကြိမ်အောင်မြင်ခဲ့ဖူးတာဖြစ်ပါတယ်။

မနက်ဖြန်မှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ ဘယ်လိုရလဒ်တွေ ထွက်လာပါစေ တရုတ်နဲ့ ကိုရီးယားတို့ဟာ နောက်နှစ်ဇွန်လမှာ ကျင်းပမယ့် ဒုတိယအကျော့ပွဲစဉ်တွေ အပြီးမှာတော့ အုပ်စု C ကနေလွတ်မြောက်နိုင်ဖို့ ရုန်းကန်ရမှာဖြစ်ပါတယ်။ အုပ်စု ၉ ခုမှ ထိပ်ဆုံး ၂ သင်းစီသာ အာရှခြေစစ်ပွဲနောက်ဆုံးအဆင့်ကို တက်ရောက်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။

ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံး ၁၆ သင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ ဩစတြေးလျနဲ့ ဂျပန်အသင်းတို့ကလည်း အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ဂိုးပြတ်နိုင်ပွဲတွေဖော်ဆောင်ထားနိုင်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ၇-၀ နဲ့ အနိုင်ရရှိထားတဲ့ ဩစတြေးလျဟာ ယခုအခါ ပါလက်စတိုင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသင်းနည်းပြ ဂရေဟမ်အာနိုးက အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခရဲ့ နောက်ခံဇာတ်ကြောင်းကေကြာင့် ပြင်ဆင်မှုများမှာ အတော်လေးဖိစီးမှုရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းကတော့ အဖွင့်ပွဲမှာ လက်ဘနွန်နဲ့ ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ထားတာကြောင့် ရမှတ် ၁ မှတ်သာ စုဆောင်းနိုင်ပါသေးတယ်။  အုပ်စု B မှာတော့ ဂျပန်အသင်းက မြန်မာအသင်းကို အိမ်ကွင်းမှာ ၅-၀ နဲ့အနိုင်ယူကာ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၈ ကြိမ်မြောက်ဝင်ရောက်ရန် လမ်းစဖွင့်လိုက်ပြီး အသင်းရဲ့တိုက်စစ်မှူး အာယာဆယ်အုအဲဒါကလည်း ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

ဆီးရီးယားကလည်း မြောက်ကိုရီးယားကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ယခုအခါမှာတော့ ဂျပန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#တော့တင်ဟမ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဆွန်ဟောင်မင် #တရုတ် #တောင်ကိုရီးယား