ရှေ့သို့
Image

ဘရိုက်တန်မှာ အငှားချထားတဲ့ ဖာတီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ ဒေကို

1:09 PM, 15 November

ချန်ပီယံဆုကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဘာစီလိုနာအသင်းနဲ့ အလာဗက်စ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အပြီးမှာ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကိုက ဘရိုက်တန်မှာ အငှားချထားတဲ့ အန်ဆူဖာတီ အပါအဝင် ကစာသမားအချို့ရဲ့ အနာဂတ်အပေါ် မှတ်ချက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့အပတ် အလာဗက်စ်အသင်းနဲ့ ပွဲစဉ်တွင် လီဝန်ဒေါစကီးရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုနဲ့အတူ ခက်ခက်ခဲခဲ အဖိုးတန် အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး လာမယ့် နိုင်ငံတကာပွဲရက်အပြီးမှာ ဗယ်လီကာနိုအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

ချန်ပီယံဆုကာကွယ်နိုင်ရေးအပြင် ဥရောပအဆင့်မှာပါ အောင်မြင်ရယူနိုင်ရေးအတွက် တည်ဆောက်နေတဲ့ ဘာစီလိုနာ အသင်းက မက်ဆီအငယ်စားလေးလို့ နာမည်ပေးခံခဲ့ရတဲ့ ဖာတီအား ဘရိုက်တန်အသင်းကို အငှားချကာ မန်စီးတီးအသင်းနဲ့ လာလီဂါပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ပေါ်တူဂီစတားတွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့နှစ်ဦးအား ပြီးခဲ့တဲ့ ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ အချိန်မီ အငှားခေါ်ယူထားလိုက်နိုင်တာ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက လီဝန်ဒေါစကီး၊ ဂျာအိုဖီးလစ်၊ ရာဖင်ဟာ၊ ဖာရန်တောရက်စ်၊ ယာမယ်လ်တို့ ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်တဲ့ အန်ဆူဖာတီအား ပရီးမီးယားလိဂ်မှာ ခြေစွမ်းထက်နေတဲ့ ဘရိုက်တန်အသင်းကို အငှားချလိုက်တာလည်း ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းတွင် အတိုင်းအတာတစ်ခုအထိ ပုံစံကောင်းပြသလာနေတဲ့ အန်ဆူဖာတီနဲ့ ပတ်သက်လို့ အားကစားဒါရိုက်တာ ဒေကိုက “ဒါပေါ့ဗျာ။ အန်ဆူဖာတီက ဘာစီလိုနာမှာ ကစားရမှာပါ။ အခုက ဘရိုက်တန်မှာ အငှားချထားတာပါ။ ဘရိုက်တန်မှာဆိုရင် ဖာတီအတွက် ပုံမှန် ပွဲထွက်ကစားခွင့် ပိုရနိုင်ပါတယ်။ အခု ဖာတီလည်း ပျော်နေမှာပါ။ ဒါပေမဲ့ ဖာတီအနေနဲ့ ဘာစီလိုနာအသင်းအတွက် သေချာပေါက်ကစားပေးခွင့်ရမှာပါ”လို့ အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ဘရိုက်တန် #ဖာတီ #ပရီးမီးယားလိဂ် #ဒေကို