ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်က ပိုကောင်းမွန်တဲ့ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ကြုံးဝါးလိုက်တဲ့ဇာဗီ

3:11 PM, 13 September

ဂျာမနီမြေမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ပြိုင်ဖက်ဘိုင်ယန်မြူးနစ်ကို ယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်သွားမယ်လို့ ဘာစီလိုနာနည်းပြ ဇာဗီက ကြုံးဝါးလိုက်ပါတယ်။ လတ်တလောဘောလုံးရာသီတွေမှာ ဘာစီလိုနာက ဂျာမန်ကလပ်တွေနဲ့ ရင်ဆိုင်ရချိန်တိုင်း ရုန်းကန်ရလေ့ရှိပါတယ်။

သို့သော်လည်း ဒီနေ့ညပိုင်း၊ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဇာဗီက “မျှော်လင့်ချက်တွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် ဒီနေ့ညပွဲစဉ်မှာ ကျွန်တော်တို့အသင်း နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သရေပဲကျကျ အရာအားလုံးဟာ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။ နိဂုံးချုပ်သွားမှာလည်း မဟုတ်သေးဘူး။ ဒီပွဲမှာအနိုင်ရဖို့အတွက် စိန်ခေါ်မှုတွေရှိပါတယ်။ လွန်ခဲ့တဲ့ ၉ လကျော်လောက်က ဒီနှစ်သင်းတွေ့ဆုံချိန်မှာလည်း ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူး။ အခုအချိန်မှာ အရာရာတိုင်းက ပြောင်းလဲသွားပါပြီ။ ကျွန်တော်တို့က ပိုကောင်းမွန်တဲ့ပုံစံနဲ့ ရောက်ရှိလာမှာဖြစ်တယ်။ ကျွန်တော်တို့အသင်းဟာ ၉ လ၊ ၁၀ လလောက် အလုပ်တွေ အတူလုပ်ခဲ့ကြသလို ကဏ္ဍတိုင်းမှာလည်း တိုးတက်လာပြီဖြစ်လို့ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင်ရဖို့နဲ့ သမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့ မျှော်လင့်ချက်၊ ခံစားချက်နဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်”

“ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက အသင်းတစ်ခုနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ သူတို့က ကျွန်တော်တို့ကို သက်သောင့်သက်သာနဲ့ အနိုင်ယူလေ့ရှိတဲ့ အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က ပြောင်းလဲခဲ့ပြီးပါပြီ။ ကျွန်တော်တို့က အကောင်းဆုံးပုံစံအခိုက်အတန့်မှာ ရောက်ရှိနေတာဖြစ်လို့ ဒီလိုပုံစံကောင်းမျိုးကို ပြသချင်နေပါတယ်။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ နှစ်သင်းစလုံးက ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားပြီး ဘောလုံးပျက်သွားချိန်မှာ ပြိုင်ဘက်ကို အမြင့်ဆုံးဖိအားပေးပြီး ဘောလုံးကို ပြန်လုယူလေ့ရှိတဲ့အသင်းတွေပါ။  ဒီလိုမျိုးမကစားနိုင်ရင် ကျွန်တော်တို့ ခံစားသွားရမှာဖြစ်သလို ပြိုင်ဘက်ကိုလည်း နေရာလွတ်တွေ ပေးလိုက်ရလိမ့်မယ်။ ဒီပွဲက ပြင်းထန်တဲ့ပွဲစဉ်တစ်ခုဖြစ်လာမှာ သေချာသလိုပဲ ဘောလုံးပိုင်ဆိုင်မှုအသာရဖို့ ကြီးမားတဲ့တိုက်ပွဲတစ်ခု ရှိလာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

#လာလီဂါ #ဇာဗီ #ဘာစီလိုနာ #ဘိုင်ယန်မြူးနစ်