ရှေ့သို့
Image

ပေါ့ဂ်ဘာရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရွိုင်အိုလာကို ဂန္ဓဝင်နည်းပြကြီး ဖာဂူဆန် ဒေါသူပုန်ထခဲ့ပုံအား ပြန်ပြောင်းပြောဆိုလိုက်တဲ့ အေဂျင့်ပီမန်ဒါ

12:48 PM, 15 November

ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ဓဝင်နည်းပြကြီးတစ်ဦးအဖြစ် ညွှန်းဆိုရမယ့် စကော့တလန်သား နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်အနေဖြင့် ကွင်းလယ်စတားတစ်ဦးအဖြစ် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ပေါ့ဂ်ဘာရဲ့ အနာဂတ်ကိစ္စကို ဆွေးနွေးနေစဉ် အေဂျင့်ဖြစ်သူ ရွိုင်အိုလာအား အကြီးအကျယ် ပေါက်ကွဲခဲ့ပုံကို အေဂျင့်ပီမန်ဒါက ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကြယ်ပွင့်အနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ်စ်အသင်း အတွက် ပွဲစဉ် အနည်းငယ်သာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားပေးရန် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြောင်းရွှေ့လာခဲ့အပြီးမှာ ပေါ့ဂ်ဘာအတွက် ခက်ခဲတဲ့ ကာလတွေကို ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး စီးရီးအေကလပ်အသင်းအတွက်လည်း ပွဲစဉ် ၁၂ပွဲသာ ကစားပေးခွင့်ရထားသလို အူဒီးနီးစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အပြီးမှာ တားမြစ်ဆေးသုံးစွဲထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သေးတာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကလည်း တားမြစ်ဆေးသုံးစွဲမှုကြောင့် စီးရီးအေ ဘောလုံးအဖွဲ့ချုပ်မှ ပွဲကစားခွင့် ပိတ်ပင်ခံထားရတဲ့ အချိန်ကာလအတွင်း ပေါ့ဂ်ဘာရဲ့ တစ်ပတ်လုပ်ခကို ယူရို ၂၀၀၀ ခန့်သာ ပေးချေသွားရန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာရဲ့ စာချုပ်ကိစ္စအတွက် ဆွေးနွေးကြစဉ် သရဲနီဂန္ဓဝင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်အနေဖြင့် ရွိုင်အိုလာအား အကြီးအကျယ် ဒေါသထွက်ခဲ့ပုံနဲ့ ပတ်သက်လို့ အေဂျင့်ပီမန်ဒါက“ဒီဆွေးနွေးပွဲက အစကတည်းက မကောင်းခဲ့တာကြောင့် အဆုံးမှာလည်း မလှခဲ့ပါဘူး။ တကယ် ဇာတ်ရှုပ်တစ်ခုဖြစ်ခဲ့ကြတာပါ။ ဆာအဲလက်စ်က အခန်းထဲဝင်လာပြီး စာပွဲခုံကို လက်နဲ့ ရိုက်ချလိုက်တယ်။ ပြီးတော့ စားပွဲပေါ်တင်ထားတဲ့ လက်ဖက်ရည်ခွက်တွေ အကုန်ဖိတ်စင်ကုန်ရောပဲ။ ရွိုင်အိုလာကလည်း ဒေါသထွက်နေသလို ဆာအဲလက်စ်ကတော့ အကြီးအကျယ်ကို ပေါက်ကွဲနေခဲ့တာပါ။ ဆက်ပြီး ဆွေးနွေးလို့မရတဲ့ အနေအထားအထိ ရောက်သွားခဲ့တာပါ”လို့ ပြန်ပြောင်းပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရွိုင်းအိုလာ #ဖာဂူဆန် #ပရီးမီးယားလိဂ် #ပီမန်ဒါ