ရှေ့သို့
Image

အမ်ပိုလီကို အရေးနိမ့်ပြီးနောက် နည်းပြရူဒီဂါစီယာနဲ့ လမ်းခွဲဖွယ်ရှိတဲ့ နာပိုလီ

1:58 PM, 13 November

ယမန်နေ့ညပိုင်း၊ အမ်ပိုလီအသင်းကို အိမ်ကွင်းမှာ ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် နာပိုလီက ကလပ်အသင်းအတွင်း နည်းပြရူဒီဂါစီယာရဲ့အနာဂတ်အပေါ် ဆွေးနွေးသွားဖို့ စဉ်းစားနေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

အမ်ပိုလီ လူစားဝင်ကစားသမား ကိုဗာလန်ကိုက ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ  မာရာဒိုနာကွင်းပွဲစဉ်အတွက် အဖိုးတန်အဆုံးအဖြတ်သွင်းဂိုးကို ရယူခဲ့ပါတယ်။ ဒီရလဒ်ပိုင်းနဲ့ပဲ ဧည့်သည်တွေက အနိုင်သုံးမှတ်အပြည့်ဖြင့် အိမ်ပြန်လမ်းလှပခဲ့သလို နာပိုလီနည်းပြ ဂါစီယာအတွက်လည်း ဖိအားတွေ ထပ်မံများပြားလာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နာပိုလီကို စကူဒက်တိုချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြစပယ်လက်တီရဲ့နေရာမှာ ဂါစီယာက ပြီးခဲ့တဲ့ဇွန်လအတွင်း အစားထိုးဝင်ရောက်လာခဲ့ပြီး တစ်လကျော်အကြာမှာပဲ နည်းပြသစ်ရဲ့ စွမ်းဆောင်ရည်အပေါ် အများက မေးခွန်းထုတ်လာခဲ့ပါတယ်။

နာမည်ကြီးသတင်းထောက်ဖာဘရီဇီယိုရိုမာနိုက X လူမှုကွန်ရက်မှတဆင့် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တီစ်ဟာ အခုပွဲစဉ် မပြီးဆုံးခင်မှာပဲ ပွဲကြည့်စင်မှ ထွက်ခွာသွားတယ်လို့ ရေးသားခဲ့ပါတယ်။ အမ်ပိုလီကို ရှုံးနိမ့်ပြီးနောက် ပြင်သစ်သားနည်းပြကို အိမ်ကွင်းပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။

အမ်ပိုလီကို အရေးနိမ့်ပြီးနောက် လက်ရှိချန်ပီယံတွေက စီးရီးအေ အမှတ်ပေးဇယားအဆင့်-၄ နေရာမှာ ရပ်တည်နေပါတယ်။ အီတလီအခြေစိုက် La Gazzetta dello Sport ရဲ့အဆိုအရ နာပိုလီဥက္ကဋ္ဌဒီလော်ရန်တီစ်က နည်းပြရူဒီဂါစီယာကို ရာထူးမှ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

နာပိုလီနည်းပြသစ်အဖြစ် တာဝန်ယူပေးဖို့ အီဂေါတူဒေါနဲ့ ဆွေးနွေးထားပြီးပြီလို့လည်း အပြောင်းအရွှေ့ရေးရာကျွမ်းကျင်သူ ပီဒူလာက ဖော်ပြခဲ့ပါတယ်။ ဒီလော်ရန်တီစ်က နည်းပြသစ်ခန့်အပ်နိုင်ရေး လုပ်ဆောင်နေချိန်မှာ ဂါစီယာအနေဖြင့် လာမယ့်ဗုဒ္ဓဟူးနေ့၊ အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်ကို ကြီးကြပ်ခွင့်မရနိုင်တော့ဘူးလို့လည်း ဒီသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါတယ်။

ဂါစီယာရဲ့နေရာမှာ ဆက်ခံဖို့အတွက် နာပိုလီနည်းပြဟောင်းမက်ဇ်ဇာရီမှ အီတလီဂန္တဝင်ကစားသမား ကန်နာဗာရိုအထိ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ပီဒူလာကတော့ အီဂေါတူဒေါကသာ နာပိုလီနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြတ်တယ်လို့ ဆိုပါတယ်။

ခရိုအေးရှား နောက်ခံလူဟောင်းနဲ့ နာပိုလီ တာဝန်ရှိသူတွေအကြား ပြီးခဲ့တဲ့နွေရာသီအတွင်း ဆွေးနွေးမှုတွေ ရှိခဲ့ဖူးသလို အမ်ပိုလီကို ရှုံးနိမ့်ပြီးချိန်မှာလည်း ဒီဆွေးနွေးမှုတွေကို ပြန်လည်စတင်လာဖို့ရှိနေတယ်လို့ ပီဒူလာရဲ့အဆိုအရ သိရပါတယ်။
#စီးရီးအေ #ဂါစီယာ #နာပိုလီ #အမ်ပိုလီ #ဒီလော်ရန်တီစ်