ရှေ့သို့
Image

တော့တင်ဟမ်ကွင်းလယ်လူ ဟိုဂျက်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်

10:58 AM, 29 August

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆန္ဒရှိတာကြောင့် အဲရစ်တန်ဟက် မျက်စိကျနေတဲ့ တော့တင်ဟမ်အသင်းရဲ့ကွင်းလယ်လူ ဟိုဂျက်ကို အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင်မှာအချိန်မှီ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ သိရှိရပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ကာလဟာ လာမယ့်သောကြာနေ့မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အလျင်အမြန်အပြီးသတ်ဖို့လိုအပ်နေပြီး ကစားသမားကလည်း တော့တင်ဟမ်မှ ထွက်ခွာဖို့အလားအလာရှိနေတာဖြစ်ပါတယ်။ Telegraph ရဲ့အဆိုအရ ‌ဒိန်းမတ်ကြယ်ပွင့် ဟိုဂျက်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်နေသည်မှာ အချိန်အ‌တန်ကြာခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ နောက်ကျတဲ့ခေါ်ယူမှုအဖြစ် အသင်းရဲ့ကွင်းလယ်မှာ အားဖြည့်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီး စာချုပ်ချုပ်နိုင်ဖို့ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းဟာ လွန်ခဲ့တဲ့ ၃ နှစ် မော်ရင်ဟိုလက်ထက်မှာ ဟိုဂျက်ကို ဆောက်သမ်တန်မှ ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိနည်းပြ ပိုစတီကိုဂလူကလည်း အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် အဲရစ်ဒိုင်ယာအပါအဝင် ဟိုဂျက်ကိုလည်း အသင်းမှထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့ဟာ အလျင်အမြန်အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ကိုခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့သော်လည်း ယခုအခါမှာတော့ ဟိုဂျက်ဘက်ကို အာရုံပြောင်းသွားပုံရပြီး အသင်းရဲ့ အဓိကကစားသမားတွေ ဒဏ်ရာပြဿနာကြုံတွေ့နေရတာကြောင့် ဒိန်းမတ်လက်ရွေးစင်ကို ရွေးချယ်ခဲ့တယ်လို့ယူဆရပါတယ်။ အသက်-၂၈ နှစ်အရွယ် ကစားသမားဟာ ယခုနွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်သို့ပြောင်းရွှေ့ရန် ဆွေး‌နွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် ပျက်ပြယ်သွားတာကြောင့် တော့တင်ဟမ်မှာပဲ ဆက်လက်ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အရည်အသွေးရှိတဲ့ကစားသမားတွေကို ပစ်မှတ်ထားနေတဲ့ ဆော်ဒီကလပ်တွေက ဟိုဂျက်ကိုခေါ်ယူရန် စိတ်ဝင်စားမှုတွေရှိခဲ့ပေမယ့် ကစားသမားက ဥရောပမှာပဲ ကျင်လည်ဖို့စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက လက်ရှိအချိန်မှာ ဘစ်ဆူးမား၊ မက်ဒီဆင်နဲ့ ဆား တို့ကွင်းလယ်တန်း ၃ ‌ယောက်ကို နှစ်သက်သဘောကျနေတာကြောင့် ဟိုဂျက်အနေနဲ့ အသင်းမှာနေရာရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ကစားသမားဟာ ယခုရာသီမှာ ပွဲထွက်ခွင့်တစ်ကြိမ်မှမရရှိထားသေးဘဲ မကြာသေးမီကအနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်၊ ဘုန်းမောက်တို့နဲ့ပွဲစဉ်တွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ ယနေ့ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ကာရာဘောင်ဖလား ဒုတိယအကျော့ပွဲစဉ်မှာတော့ ပိုစတီကိုဂလူဟာ ဟိုဂျက်ကိုပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းသွားဖွယ်ရှိနေပါတယ်။

ဟိုဂျက်ကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်များမခေါ်ယူခင်မှာ အသင်းမှကစားသမားတွေကို ရောင်းချပြီး ဘဏ္ဍာငွေရှာဖွေဖို့လိုအပ်နေပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #အပြောင်းအရွှေ့ #ဟိုဂျက်