ရှေ့သို့
Image

ပီအက်စ်ဂျီကို အနိုင်ရရှိပြီးနောက် ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်လာတဲ့ အေစီမီလန် တောင်ပံကစားသမား ရာဖေးလ်လီယာအို

11:27 AM, 8 November

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့ပြီးနောက် အေစီမီလန် တောင်ပံကစားသမား ရာဖေးလ်လီယာအိုက ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုမှုတွေပြန်လည် ပြုလုပ်လာခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ အဆိုပါပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက်လိုအပ်နေတဲ့ နိုင်ပွဲကိုဖော်ဆောင်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်တစ်နေရာကို အရယူနိုင်ဖို့အတွက် ပီအက်စ်ဂျီကို အိမ်ကွင်းမှာ အကောင်းဆုံးပုံစံနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော် ဦးဆောင်ဂိုးကိုတော့ ဧည့်သည်ပီအက်စ်ဂျီ အသင်းက စတင်ရရှိသွားတာဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာပဲ အင်တာမီလန်ကြယ်ပွင့်ဟောင်း မီလန်စခရီနီယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော် အဆိုပါဦးဆောင်းဂိုးဟာ ၃ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပွဲကစားချိန် ၁၂ မိနစ်မှာတော့ ရာဖေးလ်လီအိုက အေစီမီလန်အတွက် ချေပဂိုးပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ထို့နောက်မှာတော့ ပထမပိုင်းအတွင်း နှစ်သင်းစလုံး ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိတော့တာကြောင့် ၁-၁ ဆိုတဲ့ရလဒ်နဲ့ ဒုတိယပိုင်းကိုပြန်လည် စတင်လာခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာပဲ ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ တိုက်စစ်မှူး အိုလီဗာဂီရောက်ရဲ့ သွင်းဂိုးကို ပီအက်စ်ဂျီတို့ခွင့်ပြုခဲ့ရပြီး အဆိုပါသွင်းဂိုးကို ရာဖေးလ်လီယာအိုက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ အေစီမီလန်က ပီအက်စ်ဂျီကို ၂-၁ နဲ့အနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရာဖေးလ်လီယာအိုကလည်း ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။

ကစားသမားက “ဝေဖန်မှုတွေက ကျွန်တော့်အတွက် လှုံ့ဆော်မှုတွေဖြစ်စေပါတယ်။ ကျွန်တော် ကွင်းထဲမှာ အသင်းကို အကောင်းမွန်ဆုံးကူညီဖို့ ကြိုးစားနေပါတယ်။ ဒီရလဒ်ကောင်းက တစ်သင်းလုံးနဲ့ဆိုင်ပါတယ်။ ကျွန်တော်တို့က ဘယ်သူတွေလဲဆိုတာ လူတိုင်းကို ပြသနိုင်ခဲ့ပါတယ်။ မယုံနိုင်လောက်စရာ အလုပ်တစ်ခုကို အတူတကွလုပ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ဒီပွဲက အားလုံးကို ပြောင်းလဲစေနိုင်တယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ အရေးအကြီးဆုံးက အသင်းအတွက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ဖြစ်ပြီး အခုနိုင်ပွဲကြောင့် ကျွန်တော်တို့မှာ ယုံကြည်မှုတွေပိုရှိလာပါပြီ” လို့ပြောကြားခဲ့ပါတယ်။

#အေစီမီလန် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #လီယာအို