ရှေ့သို့
Image

၃ လအတွင်း ချဲလ်ဆီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားဖို့နီးစပ်နေတဲ့ ရီစီဂျိမ်းစ်

11:20 AM, 1 November

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်တစ်ယောက် အသင်းအတွက် ၃ လအတွင်း ပထမဆုံးအကြိမ် ဘလက်ဘန်းနဲ့ ကာရာဘောင်ဖလားပွဲမှာ ပွဲဦးထွက်ပါဝင်ကစားဖို့ နီးစပ်နေပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟာ ဒီရာသီ လီဗာပူးအသင်းနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားပြီးကတည်းက ပွဲထွက်ခွင့် မရတော့တာဖြစ်ပြီး အာဆင်နယ် ၊ ဘရန့်ဖို့ဒ်နဲ့ ပွဲတွေမှာမှ အရန်ခုံကနေ လူစားဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုကတော့ အသင်းရဲ့လျှို့ဝှက်ချက်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ဂျိမ်းစ်ကို ဆက်အနားပေးထားခဲ့တာ ဖြစ်ပါတယ်။

“သူပွဲထွက်နိုင်တယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ သူအဆင်သင့်ဖြစ်နေပါပြီ။ အဲ့တာက အသင်းအတွက် ကောင်းပါတယ်။ အစပိုင်းမှာ ပွဲထွက်ခွင့်ရတာက သူ့အတွက်လည်းကောင်းပါတယ်။ သူဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာ စောင့်ကြည့်ရင်း ပြောကြတာပေါ့”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုနဲ့ ချဲလ်ဆီးတို့ဟာ ခက်ခဲတဲ့ရာသီကိုဖြတ်သန်းနေရပြီး အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို အရေးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၁ နေရာအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ညမှာကစားမယ့်ပွဲက သူတို့အသင်းကို ကွာတားဖိုင်နယ် တက်ရောက်စေနိုင်ဖို့ အခွင့်အရေးကောင်းရှိနေပါတယ်။

“ကျွန်တော်အရင်ကလည်းပြောပြီးပါပြီ။ ရာသီအစတုန်းက ပြောဖူးပါတယ်။ ကာရာဘောင် ဒါမှမဟုတ် အက်ဖ်အေဖလားက ကျွန်တော်တို့အတွက် တကယ်အရေးကြီးတယ်ဆိုတာပေါ့။ မနက်ဖြန်မှာ ကျွန်တော်တို့ အကောင်းဆုံးအသင်းနဲ့ ကစားသွားမှာပါ။ အချို့ကစားသမားတွေကို အနားပေးသွားမှာပါ။ ဘာလို့လဲဆိုတော့ စနေနေ့ပွဲအတွက် မစွန့်စားနိုင်ပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် ကျွန်တော်တို့ အကောင်းဆုံး အသင်းနဲ့ ကစားသွားမှာပါ။ ကစားသမားအားလုံး မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အဲ့တာပြီးရင်တော့ ကျွန်တော်တို့ ဆုံးဖြတ်မှာပါ။ ပြင်းပြင်းထန်ထန်လုပ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခပ်ဝေးဝေးသွားချင်တာကြောင့်ပါ။  ဒီလိုပြိုင်ပွဲမျိုးကိုလည်း နောက်တစ်ဆင့်တက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီပွဲကနေ အရှိန်အဟုန်တစ်ခုတည်ဆောက်ဖို့ လိုအပ်ပါယ်။ အဲ့တာပြီးရင်တော့ ကျွန်တော်တို့ တော့တင်ဟမ်၊ မန်စီးတီးတို့နဲ့ အားပြိုင်ရမှာဖြစ်ပြီး ကျွန်တော်တို့အနိုင်ကန်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ဘန်ချီဝဲလ်ကတော့ ဒဏ်ရာအခြေအနေကြောင့် ပါဝင်နိုင်မှာမဟုတ်ပဲ ဆက်လက်အနားယူရဦးမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ရီစီဂျိမ်းစ် #ပိုချက်တီနို #ပရီးမီးယားလိဂ်