ရှေ့သို့
Image

ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အင်္ဂလန်၊ ဆလိုဗေးနီးယားကို ဖိအားပေးနေဆဲ ဒိန်းမတ်တို့ရဲ့ ယူရိုခြေစစ်ပွဲစဉ်များ

10:16 AM, 18 October

ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်က အီတလီကို အိမ်ကွင်းမှာ အနိုင်ယူပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့သလို အုပ်စုဗိုလ်နေရာအတွက် ဆလိုဗေးနီးယားကို ဖိအားပေးနိုင်ဖို့ ဒိန်းမတ်က ဆန်မာရီနိုကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။

ဝင်ဘာလေကွင်းမှာ ကစားတဲ့ အင်္ဂလန်-အီတလီတို့ပွဲစဉ်ကတော့ ယူရို-၂၀၂၀ ဗိုလ်လုပွဲရဲ့နောက်ဆက်တွဲ မကျေပွဲဖြစ်လာခဲ့ပြီး အိမ်ရှင်တွေက အနိုင်ရလဒ်ရယူကာ လာမယ့်နှစ်ယူရိုပြိုင်ပွဲဝင်ခွင့်လက်မှတ် ရရှိသွားခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ အဖွင့်ဂိုးကိုတော့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း ဆကာမက်ကာက ဒီလော်ရန်ဇိုရဲ့ဖြတ်တင်ဘောကို အပိုင်ပိတ်သွင်းယူပြီး အီတလီအတွက် ဦးဆောင်ဂိုးအဖြစ် ရယူပေးခဲ့ပါတယ်။

ပထမပိုင်း ပွဲချိန်နာရီဝက်ခန့်မှာ ဘယ်လင်ဟမ်ကို ဒီလော်ရန်ဇို ခံစစ်ဇုန်ထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရရှိလာတဲ့ပယ်နယ်တီကို ဟယ်ရီကိန်းက သွင်းယူကာ အိမ်ရှင်တွေအတွက် ချေပဂိုး ရှာဖွေပေးခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်လာချိန်မှာတော့ ဆောက်ဂိတ်ရဲ့အသင်းဟာ ပွဲကိုဦးဆောင်ခွင့်ရရှိခဲ့ပြီး ဘယ်လင်ဟမ်ရဲ့ဖန်တီးပေးမှုမှတဆင့် ရက်ဖို့ဒ်က အပြင်းကန်သွင်းကာ ဆောက်ဂိတ်ရဲ့အသင်းအတွက် ပွဲကိုဦးဆောင်နိုင်ခွင့် ရှာဖွေပေးခဲ့ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာလည်း ဟယ်ရီကိန်းက တစ်ကိုယ်တော်အစွမ်းဖြင့် အင်္ဂလန်အတွက် နောက်ထပ်သွင်းဂိုးတစ်ဂိုးရယူပေးခဲ့လို့ ပွဲပြီးချိန်မှာ အိမ်ရှင်အင်္ဂလန်က ဧည့်သည်အီတလီကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခြားပွဲစဉ်တစ်ခုဖြစ်တဲ့ ဆန်မာရီနို-ဒိန်းမတ်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ဧည့်သည်ဒိန်းမတ်က အနိုင်ရလဒ်ရှာဖွေကာ အုပ်စုဗိုလ်နေရာအတွက် ဆလိုဗေးနီးယားကို ဖိအားပေးထားနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းက ဂိုးတိုင်ထောင့်ထဲကို လှပတဲ့အဆုံးသတ်ကန်ချက်ဖြင့် ကန်သွင်းကာ ဒိန်းမတ်အတွက် ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာတော့ အိမ်ရှင်ဆန်မာရီနိုတို့ ချေပဂိုးပြန်လည်ရရှိခဲ့ပြီး လက်ရွေးစင်အသင်းအတွက် နှစ်နှစ်ကျော်ကြာ သွင်းဂိုး မရယူနိုင်ခဲ့တဲ့ ဂိုလင်နူစီက ဒီချေပဂိုးကို ရယူပေးခဲ့ပါတယ်။

ဒါပေမယ့် နောက်ထပ်မိနစ်ပိုင်းအကြာမှာပဲ ဂျိုးနတ်စ်ဝင်းရဲ့ဖြတ်တင်ဘောကို ပေါလ်ဆင်က အပိုင်ခေါင်းတိုက်ကာ ဒိန်းမတ်အတွက် အဖိုးတန်အနိုင်ဂိုးကို ရယူခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ အိမ်ရှင်ဆန်မာရီနိုကို ဧည့်သည်ဒိန်းမတ်က ၁-၂ ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုခြေစစ်ပွဲအောင်နိုင်ရေးအခွင့်အလမ်းကောင်းတစ်ရပ်ကို ဖန်တီးသွားခဲ့ပါတယ်။

ဒိန်းမတ်ရဲ့အုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ ဆလိုဗေးနီးယားကလည်း အဝေးကွင်းမှာ မြောက်အိုင်ယာလန်ကို ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ဆက်လက်သိမ်းပိုက်ထားခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဆလိုဗေးနီးယားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲအစပိုင်းမှာပဲ ဆလိုဗေးနီးယားကွင်းလယ်လူ စီရင်က ပယ်နယ်တီဧရီယာထိပ် ပြစ်ဒဏ်ဘောကို လှလှပပဝေ့ဝိုက်ကန်သွင်းကာ ရယူပေးခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မြောက်အိုင်ယာလန် ဝ-၁ ဆလိုဗေးနီးယား ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပွဲပြီးရလဒ်များ
--------------
အင်္ဂလန် ၃-၁ အီတလီ
ဆန်မာရီနို ၁-၂ ဒိန်းမတ်
မြောက်အိုင်ယာလန် ဝ-၁ ဆလိုဗေးနီးယား
မော်လ်တာ ၁-၃ ယူကရိန်း
လစ်သူရေးနီးယား ၂-၂ ဟန်ဂေရီ
ဆာဘီးယား ၃-၁ မွန်တီနီဂရိုး
ဖင်လန် ၁-၂ ကာဇက်စတန်

#အင်္ဂလန် #ဒိန်းမတ် ယူရို၂၀၂၄ခြေစစ်ပွဲ #ဆလိုဗေးနီးယား