ရှေ့သို့
Image

အူနိုင်းအမ်မရီနဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် အက်စတွန်ဗီလာမှ ထွက်ခွာဖို့ကြိုးပမ်းနေတဲ့ တိုင်လီမန်းစ်

12:56 PM, 12 October

အက်စတွန်ဗီလာကွင်းလယ်လူ ယူရီတိုင်လီမန်းဟာ မန်နေဂျာအူနိုင်းအမ်မရီနဲ့ ဆက်ဆံရေးပျက်ပြားခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားဟာ ဗီလာပါ့ခ်မှာ ပုံမှန်ပွဲထွက်ခွင့်မရရှိတာကြောင့် နည်းပြဖြစ်သူ အူနိုင်းအမ်မရီနဲ့ ဆက်ဆံရေးအဆင်အပြေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲစလုံးပါဝင်ကစားခွင့် ရရှိထားသော်လည်း ပွဲထွက်ကစားသမားအဖြစ်မဟုတ်ဘဲ လူစားဝင်ကစားသမားအဖြစ်သာ ကစားထားရတာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါ Football Insider ရဲ့အဆိုအရ တိုင်လီမန်းစ်ဟာ အရန်ခုံမှာထိုင်နေရတာကို စိတ်မရှည်တော့ဘဲ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာနိုင်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလနိုင်ငံတကာပွဲစဉ်တွေကျင်းပနေချိန်မှာလည်း တိုင်လီမန်းစ်က ၎င်းဟာ  အက်စတွန်ဗီလာရဲ့အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လိုတာကြောင့် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်မပေးတဲ့ အသင်းနည်းပြ အူနိုင်းအမ်မရီကို စိတ်ပျက်မိတယ်လို့ ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

အူနိုင်းအမ်မရီကလည်း အသင်းရဲ့ကွင်းလယ်မှာ လက်စတာကစားသမားဟောင်း တိုင်လီမန်းစ်ထက် ဘူဘာကာ ကာမာရာ၊ ဂျွန်မက်ဂင်နဲ့ ဒေါက်ဂလပ်စ်လူးဝစ်ဇ်တို့ကိုသာ ဦးစားပေးနေခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာ အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#အက်စတွန်ဗီလာ #တိုင်လီမန်စ် #အမ်မရီ #ပရီးမီးယားလိဂ်