ရှေ့သို့
Image

တားမြစ်ဆေးသုံးစွဲမှု စစ်ဆေးတွေ့ရှိခဲ့တဲ့ ပေါ့ဘာအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုလိုက်တဲ့ ဒက်စ်ချမ့်

3:32 PM, 10 October

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်က ပေါ့ဘာရဲ့နိုင်ငံ့လက်ရွေးစင် ကစားသမားဘ၀ အနာဂတ်နဲ့ ပတ်သက်လို့ ကတိကဝတ်တစုံတရာ မပေးခဲ့ဘဲ ဂျူဗင်တပ်စ်ကွင်းလယ်လူရဲ့ တားမြစ်ဆေးသုံးစွဲခြင်းကို စစ်ဆေးတွေ့ရှိမှုအပေါ် သူ့ရဲ့အမြင်ကိုသာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ်စ်က အူဒီးနီးစ်ကို အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲစဉ်အပြီး အသက်-၃၀ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူရဲ့ တားမြစ်ဆေးသုံးစွဲမှု ပေါ်ပေါက်လာခဲ့ပါတယ်။ ပေါ့ဘာက အဆိုပါပွဲစဉ်အတွင်း အသင်းရဲ့အရန်ခုံတန်းမှာ ရှိနေခဲ့ပြီး ပွဲကစားခွင့်တော့ မရရှိခဲ့ပါဘူး။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းက သူ့အပေါ် ကျရောက်လာဖွယ်ရှိတဲ့ နှစ်ရှည်ပွဲပယ်ပြစ်ဒဏ်တွေကို ရှောင်လွှဲနိုင်ရေးအလို့ငှာ အားကစားဆိုင်ရာ ခုံရုံးတစ်ခုရှေ့မှောက် ခုခံကာကွယ်သွားဖို့ ပြင်ဆင်နေပါတယ်။သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဒက်စ်ချမ့်က ပေါ့ဘာရဲ့လတ်တလောအခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြက “ပေါ့ဘာအတွက် အယ်လီဂရီ(ဂျူဗင်တပ်စ်နည်းပြ)နည်းတူ ကျွန်တော်လည်း အတော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ မကြာသေးမီအချိန်တုန်းကပဲ သူ့ရဲ့အတွေးတွေဆီ ကိစ္စတော်တော်များများ ကျရောက်လာခဲ့ပါတယ်။ ပေါ့ဘာက သူ့ကိုယ်သူ ရှုပ်ထွေးနေတဲ့ အခြေအနေတစ်ခုမှာ ရှာဖွေနေပါတယ်။ ပေါ့ဘာက သူ့ကိုယ်သူ ကာကွယ်ရမှာဖြစ်သလို ကာကွယ်ဖို့လည်း လိုအပ်ပါတယ်။ ဒါက ရှည်လျားတဲ့လုပ်ငန်းစဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ရပ်ပါပဲ။ တားမြစ်ဆေးစစ်ဆေးမှုတစ်ခုနဲ့အတူ ဒီလိုအရာတွေ အားလုံး ပေါ်ပေါက်လာခဲ့ပါတယ်။ မနက်ဖြန်မှာ သူ့အတွက် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ဖြစ်လာသမျှ အရာတွေကတော့ သူ့အတွက် ဝမ်းနည်းစရာပါပဲ”လို့ ပြောပါတယ်။

ပေါ့ဘာအတွက် နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝအနာဂတ်ရှိသေးရဲ့လားလို့ မေးမြန်းမှုကို ဒက်စ်ချမ့်က “ကျွန်တော်ဆီမှာ အဆင့်အတန်းခွဲခြားတဲ့၊ အစွန်းရောက်တဲ့ အမြင်မျိုး မရှိပါဘူး။ သူ့ရဲ့အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိလို့ အချိန်တစ်ခုတော့ စောင့်ရပါလိမ့်မယ်။ ကာလတစ်ခုကြာ ကျွန်တော်တို့နဲ့အတူ ပေါ့ဘာ ရှိမနေခဲ့ပါဘူး။ ပေါ့ဘာရဲ့အပြုံးတွေကို ပေါ့ဘာကိုယ်တိုင်ကပဲ နောက်တစ်ကြိမ်ရှာဖွေနိုင်ဖို့၊ သူ့ဘဝရဲ့အဓိပ္ပါယ်တွေကို ပြန်ရှာတွေ့ဖို့ ကျွန်တော်မျှော်လင့်ထားပြီး ဒါမှသာ သူ့က ဘောလုံးကွင်းဆီ နောက်တစ်ကြိမ် ပြန်လာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအလုပ်တွေက အချိန်တော့ ယူရပါလိမ့်မယ်”လို့ ပြောပါတယ်။

ပေါ့ဘာက ၂၀၁၃ ခုနှစ်၊ မတ်လမှစတင်ကာ ပြင်သစ်အသင်း အတွက် ၉၁ ပွဲ ကစားပေးထားပြီး ၁၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူက ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ၊ ၂၀၂၁ နေရှင်းလိဂ်ချန်ပီယံ ပြင်သစ်အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပါတယ်။

#ပြင်သစ် #ပေါ့ဂ်ဘာ #ဒက်စ်ချမ့်