ရှေ့သို့
Image

စပိန်လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ ဘရိုက်တန်ကြယ်ပွင့် အန်ဆုဖာတီ

4:19 PM, 9 October

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ လာလီဂါပွဲစဉ်(၉)ရဲ့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးနောက်မှာ နိုင်ငံတကာသီတင်းပတ်ဆီ ဝင်ရောက်သွားခဲ့ပါပြီ။ အခုနိုင်ငံတကာသီတင်းပတ်အတွင်း စပိန်လက်ရွေးစင်အသင်းအတွက် ယူရို-၂၀၂၄ ခြေစစ်ပွဲအဆင့်ကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ဖို့  ကြီးမားတဲ့ခြေလှမ်းတစ်ခု စတင်ရပါတော့မယ်။

ဒီလာဖွန်တီရဲ့အသင်းက အခုနိုင်ငံတကာသီတင်းပတ်မှာ စကော့တလန်၊ နော်ဝေတို့နဲ့  အရေးကြီးပွဲစဉ်နှစ်ခုကို ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ နည်းပြဒီလာဖွန်တီက စပိန်လက်ရွေးစင်အသင်း လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပေမယ့် ဒီလူစာရင်းမှ နုတ်ထွက်ခဲ့တဲ့ ကစားသမားတွေလည်း ရှိလာပါတယ်။

ယမန်နေ့၊ လက်စ်ပါးမားကို အရေးနိမ့်ခဲ့တဲ့ စိတ်ပျက်စရာရှုံးပွဲရဲ့ ပထမပိုင်းပွဲချိန်တွေမှာ ဗီလာရီးရဲလ်အတွက် ပါဝင်ကစားပေးရင်း ဒဏ်ရာရရှိသွားတဲ့ ယာရီမီပင်တိုက စပိန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ရပါတယ်။ သူ့ရဲ့နေရာမှာ အစားထိုးဖို့အပြင် ဒဏ်ရာပြဿနာကြုံတွေ့နေရတဲ့ ဘာစီလိုနာ လူငယ်ကြယ်ပွင့် ယာမဲလ်နေရာအတွက်ပါ ဒီလာဖွန်တီက ကစားသမားနှစ်ဦးကို ခေါ်ယူခဲ့ပါတယ်။

ဒီကစားသမားတွေကတော့ ဘရိုက်တန်ကြယ်ပွင့် အန်ဆုဖာတီနဲ့ ဂရန်နာဒါကစားသမား ဘရိုင်ယန်ဇာရာဂိုဇာတို့ပဲ ဖြစ်ပါတယ်။ ဇာရာဂိုဇာက အခုဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ယနေ့မနက်ပိုင်း၊ ဘာစီလိုနာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာလည်း သွင်းဂိုးနှစ်ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးလုံးက ခိုင်မာတောင့်တင်းပြီးဖြစ်တဲ့ စပိန်အသင်း လူစာရင်းအတွက် နောက်ထပ်ဖြည့်တင်းလာတဲ့ အင်အားစုတွေဖြစ်ပါတယ်။ အခုလို ကစားသမားအင်အား တောင့်တင်းမှုနဲ့အတူ စပိန်လက်ရွေးစင် အသင်း အနေဖြင့် နောက်ထပ်အောင်မြင်တဲ့ နိုင်ငံတကာသီတင်းပတ်တစ်ခုကို ရရှိအောင် စွမ်းဆောင်နိုင်သင့်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဘရိုက်တန် #ဖာတီ