ရှေ့သို့
Image

အာဆင်နယ်ပစ်မှတ် အန်ဆူဖာတီရဲ့ အနာဂတ် ဆက်ရှိရန် မရေရာတဲ့အကြောင်း မှတ်ချက်ပေးလိုက်တဲ့ နည်းပြ ဇာဗီ

4:17 PM, 16 August

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် နော်တင်ဟမ်ဖောရက်စ် အသင်းကို အိမ်ကွင်းမှာ ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ကစားကာ ရမှတ်ပြည့် စုဆောင်းနိုင်ခဲ့တဲ့ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက တိုက်စစ်ပိုင်း ဖြည့်တင်းရန်အတွက် ဘာစီလိုနာ အသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား အန်ဆူဖာတီကို ပစ်မှတ်ထားနေချိန်မှာ နည်းပြ ဇာဗီက ဘာမဆိုဖြစ်လာနိုင်တဲ့အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တွင် ချန်ပီယံဆု စိန်ခေါ်နိုင်ရေးအတွက် ပြင်ဆင်မှု ပြုလုပ်နေတဲ့ နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းက အန်ဆူဖာတီကို ခေါ်ယူရန် စိတ်ဝင်စားနေသလို နည်းပြ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီ အသင်းကလည်း အမ်ဘီလီကို ခေါ်ယူရေး လုပ်ဆောင်အပြီးမှာ မက်ဆီအငယ်စားလေးလို့ နာမည်ကြီးခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားဘက်ကိုပါ ဦးလှည့်နေတာ ဖြစ်ပါတယ်။

အန်ဆူဖာတီက ဘာစီလိုနာအသင်းရဲ့ အားထားရတဲ့ တိုက်စစ်ကစားသမားတစ်ဦး ဖြစ်တာကြောင့် ကျောနံပါတ် ၁၀ကို ဝတ်ဆင်ကစားခွင့် ရခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရာသီတွင် နည်းပြ ဇာဗီရဲ့ လက်ထက်မှာ ပုံမှန် ပွဲထွက်ကစားခွင့် အနည်းငယ် ပျောက်ဆုံးနေခဲ့တာပဲ ဖြစ်ပါတယ်။

ရာသီကြိုခြေစမ်းပွဲကာလအတွင်း ၂ပွဲဆက် သွင်းဂိုး ရှာဖွေပေးနိုင်ခဲ့တဲ့ အန်ဆူဖာတီကို ခေါ်ယူရေးအတွက် ဥရောပ ထိပ်တန်းကလပ်အသင်းချို့က စိတ်ဝင်စားနေကြပြီး ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ်အသင်းတို့က ဦးစွာ နာမည်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အန်ဆူဖာတီရဲ့ အနာဂတ်က ကတ္တလန်မြေမှာ မသေချာတဲ့အကြောင်းနဲ့ ပတ်သက်လို့ နည်းပြ ဇာဗီက“ဖာတီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တပ်အပ်ကြီး ပြောလို့တော့မရပါဘူး။ အပြောင်းအရွှေ့ကာလက မပိတ်သေးဘူးလေဗျာ။ ဘာမဆို ဖြစ်သွားနိုင်တာပါပဲ။ ဖာတီ လူစာရင်းမှာ ရှိနေတဲ့အပေါ် ကျေနပ်သလို သူက ကျွန်တော်တို့အသင်းရဲ့ အမွေအနှစ်တစ်ခုပါ။ ဒါပေမဲ့ ဘာကိုမှ ပုံသေမပြောနိုင်သေးပါဘူး” လို့ မှတ်ချက်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဇာဗီ #အာဆင်နယ် #အပြောင်းအရွှေ့ #ဖာတီ #နောတင်ဟမ်ဖောရက်စ်