ရှေ့သို့
Image

ရိုးမားနည်းပြ မော်ရင်ဟို၊ ကလပ်အသင်းဖော် ဒိုင်ဘားလားတို့နဲ့ ဆက်ဆံရေးအကြောင်း ဖွင့်ဟလာတဲ့ လူကာကူ

1:29 PM, 2 October

ဒီနေ့မနက်ပိုင်း၊ ဖရိုစီနိုနီကို အနိုင်ရရှိခဲ့တဲ့ စီရီးအေပွဲစဉ်အတွင်း လူကာကူက ရိုးမားအတွက် နောက်ထပ် အဆုံးအဖြတ်သွင်းဂိုး ရယူပေးခဲ့မှုနဲ့အတူ ပြောင်မြောက်လွန်းတဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ချဲလ်ဆီး အငှားတိုက်စစ်မှူးက ပြိုင်ဘက်ဂိုးဧရိယာအတွင်း ရပ်တန့်နိုင်ဖွယ်မရှိတဲ့ ကန်ချက်တစ်ခုဖြင့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ကာ ရောမအခြေစိုက်ကလပ်အတွက် ကျေနပ်စရာညချမ်းတစ်ခု ဖြစ်တည်စေခဲ့ပါတယ်။

ဒီလိုအခြေအနေတွေက စီရီးအေပြိုင်ပွဲဆီ ပြန်လည် ခြေချလာခြင်းနဲ့ ပတ်သက်လို့ သူ့အပေါ်ထားရှိတဲ့ သံသယတွေဟာ မှားယွင်းကြောင်း သက်သေပြချင်တဲ့ လူကာကူရဲ့ဆန္ဒကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။ အမ်ပိုလီကို ၇ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ရောမအခြေစိုက်ကလပ်အတွက် ပွဲဦးထွက်ပါဝင်ကစားနိုင်ခဲ့တဲ့ အသက်-၃၀ နှစ် အရွယ်တိုက်စစ်မှူးက မော်ရင်ဟိုရဲ့အသင်းအတွက် ပြိုင်ပွဲစုံငါးပွဲကစား၊ လေးဂိုးအထိ သွင်းယူပေးထားပါတယ်။

လတ်တလောမှာ ရလဒ်ပိုင်း ဆိုးရွားနေလို့ ဖိအားကြုံနေတဲ့ ရိုးမားအတွက် လူကာကူက အဖိုးတန်နိုင်ပွဲရရှိရေး လမ်းပြပေးနိုင်ခဲ့ပါတယ်။ သူက အခုပွဲစဉ်သွင်းဂိုး ပုံစံမျိုးနဲ့ပဲ တိုရီနိုနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုးရယူပေးပြီး ဖိအားတွေ လျော့ချပေးခဲ့ပါတယ်။

ပေါ်လိုဒိုင်ဘားလားကတော့ ရောမအခြေစိုက်ကလပ်အတွက် ဗိသုကာပညာရှင်တစ်ဦးလိုပါပဲ။ နည်းပြမော်ရင်ဟိုရဲ့ ခံညားလောက်စရာ တိုက်စစ်အတွဲက တောက်ပတဲ့ ပုံစံကောင်းနဲ့အတူ တိုက်ပွဲဝင်လာခဲ့ပါတယ်။ လူကာကူကတော့ အာဂျင်တီးနားတိုက်စစ်မှူးနဲ့ သူ့အကြားမှာ ခိုင်မာတဲ့ နားလည်မှုတစ်ခုရှိထားပြီး နည်းပြဖြစ်သူကိုယ်တိုင်ကလည်း သူ့ရဲ့ရိုးမား ကစားသမားဘဝစတင်မှုကို အထောက်အကူဖြစ်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

TMW သတင်းဌာနနဲ့တွေ့ဆုံချိန် လူကာကူက “ဟုတ်ပါတယ်။ ကျွန်တော်နဲ့ ဒိုင်ဘာလားအကြား အတော်လေးကို ခိုင်မာတဲ့ နားလည်မှုတစ်ခု ရှိထားပါတယ်။ နည်းပြဖြစ်သူကလည်း ကျွန်တော့်အကြောင်း ကောင်းကောင်းသိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ရိုးမားရဲ့ လိုသုံးအဖြစ်သာ မှတ်ယူထားပါတယ်။ ကျွန်တော် ဒီအသင်းဆီရောက်ရှိလာတဲ့ ပထမဆုံးနေ့ရက်မှစပြီး ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အသင်းလိုက်စိတ်ဓါတ်ကသာ အရေးကြီးဆုံးအရာပါ။ ကျွန်တော်တို့ ခက်ခဲတဲ့အခြေအနေတစ်ခုမှာ ရောက်ရှိနေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါကြောင့် လေ့ကျင့်ရေးမှာရော၊ ကွင်းတွင်းမှာပါ တိုးတက်အောင်လုပ်ဆောင်သွားရပါမယ်”လို့ ပြောပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို #လူကာကူ #ဒိုင်ဘားလား