ရှေ့သို့
Image

ဆော်ဒီမြေမှာ စီရော်နယ်ဒိုနဲ့ ပြန်ပူးပေါင်းဖွယ်ရှိတဲ့ ရီးရဲလ်ဂိုးသမားဟောင်း နာဗက်စ်

4:42 PM, 17 January

ဆော်ဒီကလပ်အယ်လ်နာဆာက စီရော်နယ်ဒိုရဲ့အသင်းဖော်ဟောင်း၊ ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

တံတောင်ဆစ် ဒဏ်ရာကြောင့် အယ်လ်နာဆာဂိုးသမား အော်စပင်နာ ကာလအတန်ကြာ အနားယူရဖို့ ရှိလာခဲ့ပြီးနောက် သူ့ရဲ့နေရာမှာအစားထိုးဖို့ နောက်ထပ်ဂိုးသမားသစ်တစ်ဦးကို နည်းပြရူဒီဂါစီယာက တောင်းဆိုထားပြီး ဦးစားပေးပစ်မှတ် အဖြစ် ရီးရဲလ်မက်ဒရစ် ဂိုးသမားဟောင်း နာဗက်စ်ကို သတ်မှတ်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

နာဗက်စ်ရဲ့အသင်းဖော်ဟောင်း စီရော်နယ်ဒိုကတော့ ဆော်ဒီပရိုလိဂ်ကလပ်အတွက် ပွဲဦးထွက်ကစားပေးဖို့ ပြင်ဆင်နေရင်း အခုသီတင်းပတ်အတွင်းမှာ အလုပ်တွေများပြားနေဖွယ် ရှိပါတယ်။ ဒီပွဲစဉ်ကတော့ မက်ဆီ ပါဝင်လာမယ့် ပီအက်စ်ဂျီနဲ့ စီရော်နယ်ဒို ဦးဆောင်မယ့် ရီယက်ဒ်မြို့ဒေသခံအသင်းတို့ ရင်ဆိုင်ကစားမယ့် ပွဲစဉ်ပဲဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖို့ ဟာဇက်လည်း နီးစပ်ခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် အယ်လ်နာဆာရဲ့ ကစားသမားသစ်ဖြစ်လာနိုင်သူကတော့ ကော်စတာရီကာအသင်းခေါင်းဆောင် နာဗက်စ်ဖြစ်တယ်လို့ စပိန်အခြေစိုက် Marca သတင်းဌာနရဲ့အဆိုအရ သိရပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ အယ်လ်ရှာဒက်ဘ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း အာဆင်နယ်၊ နာပိုလီဂိုးသမားဟောင်း၊ လက်ရှိအယ်လ်နာဆာဂိုးသမား အော်စပင်နာ ဒဏ်ရာ ရရှိခဲ့ပြီး အနည်းဆုံးသီတင်းပတ် ခြောက်ပတ်လောက်အထိ အနားယူသွားရဖွယ် ရှိပါတယ်။ တဖက်မှာလည်း နာဗက်စ်က ပေါ်တူဂီကြယ်ပွင့်ဦးဆောင်မယ့် ရီယက်ဒ်မြို့ဒေသခံအသင်းနဲ့ ခြေစမ်းပွဲစဉ်ကစားဖို့ အခုသီတင်းပတ်အတွင်း ဆော်ဒီနိုင်ငံဆီ ရောက်ရှိလာမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီဆီ ဒွန်နာရမ်မာရောက်ရှိလာပြီးနောက် နာဗက်စ်က ဦးစားပေးဂိုးသမားအဖြစ်မှ ဖယ်ရှားခံထားရပြီး ပြည်တွင်းရှုံးထွက်ဖလားပွဲစဉ်တွေမှာသာ ပါဝင်ကစားခွင့် ရရှိနေပါတယ်။ ချန်ပီယံလိဂ်သုံးကြိမ်တိုင် ရရှိခဲ့တဲ့ ဂိုးသမားက လီဂူးဝမ်းထိပ်သီးအသင်းနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေပြီး လာမယ့် ၆ လအတွင်း ရရှိလာမယ့် လုပ်ခလစာ အကျိုးအမြတ်ကို မစွန့်လွှတ်လိုတဲ့ နာဗက်စ်အတွက် ဆော်ဒီကလပ်က တူညီသောနှုန်းထားမျိုးနဲ့ ကမ်းလှမ်းလာဖို့ရှိနေပါတယ်။

တဖက်မှာတော့ ပီအက်စ်ဂျီ အားကစားဒါရိုက်တာက စာချုပ်သက်တမ်း မကုန်ဆုံးမီ နာဗက်စ်ကို လက်လွှတ်ရမယ်ဆိုရင် ထိုက်သင့်တဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိဖို့ မျှော်လင့်ထားပါတယ်။ ဒါကပဲ အယ်လ်နာဆာအတွက် ပြဿနာတစ်ရပ်ဖြစ်တယ်လု့ိ ယူဆရပါတယ်။ စီရော်နယ်ဒိုနဲ့ နာဗက်စ်တို့ဟာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ဘောလုံးရာသီလေးခုကြာ လက်တွဲကစားခဲ့ဖူးပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ရော်နယ်ဒို #နာဗက်စ်