ရှေ့သို့
Image

တက်နိုင်သမျှအမြန်ဆုံး ပြတ်ပြတ်သားသား အနိုင်ရရှိအောင် လုပ်ဆောင်ရမယ်လို့ ဖွင့်ဟလာတဲ့ နာပိုလီနည်းပြ ဂါစီယာ

4:21 PM, 21 September

ယမန်နေ့ညပိုင်းယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားရဲ့O.G ကြောင့် ရရှိခဲ့တဲ့သွင်းဂိုးဟာ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ထားတဲ့ ပုံစံမျိုးဖြစ်ပေမယ့် ပွဲကို လက်ဦးမှုရယူကာ အဆုံးမသတ်နိုင်ခြင်းဆိုတဲ့အမှားကို ထပ်မံကျူးလွန်ခဲ့တယ်လို့ နာပိုလီနည်းပြဂါစီယာက ထုတ်ပြောလာပါတယ်။

အခုပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း နာပိုလီက ပွဲကိုလွှမ်းမိုးကစားနိုင်ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်လို့ ဒီလော်ရန်ဇိုရဲ့ ပထမပိုင်းပြီးခါနီး Volley ကန်ချက်မှတဆင့်ရရှိတဲ့ သွင်းဂိုးဖြင့်သာ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာ ဘရူမာက အိမ်ရှင်ဘရာဂါအတွက် ချေပဂိုးသွင်းယူခဲ့ရာ သရေရလဒ်ဖြင့် ပွဲပြီးတော့မယ်လို့ ယူဆနေချိန်မှာပဲ ဇီလင်စကီးရဲ့ဖြတ်တင်ဘောကို ဘရာဂါနောက်ခံလူ နီအာကာတီ ဖြတ်ထုတ်ရာမှတဆင့် O.G ဂိုးဖြစ်ပေါ်လာခဲ့ပါတယ်။

ဘရာဂါကစားသမား ပီဇီရဲ့ နောက်ဆုံးမိနစ်ချေပဂိုးရရှိဖို့ ကြိုးစားမှုဟာ လွဲချော်သွားခဲ့လို့ နာပိုလီတို့ ကံကောင်းခဲ့ပြီး ပွဲပြီးချိန်မှာ လက်ရှိစကူဒက်တိုချန်ပီယံတွေက အဝေးကွင်းမှာ ၂-၁ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဂါစီယာက “ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တစ်ခုကို အနိုင်ရဖို့ဆိုတာ အမြဲတမ်းလိုလို ခက်ခဲပါတယ်။ ကျွန်တော်တို့က သွင်းဂိုးတစ်ဂိုးနဲ့ ပြိုင်ဘက်ကစားသမားရဲ့ O.G ဂိုးတစ်ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာကြောင့် ကျွန်တော်တို့က အဲ့ဒီလို အကွက်စေ့လှတဲ့ ဖြတ်တင်ဘောမျိုး လုပ်ဆောင်နိုင်အောင် ကြိုးစားလေ့ကျင့်ခဲ့တာပါ။ အသင်းရဲ့စိတ်ဓါတ်ပိုင်းနဲ့ ခံယူချက်ပိုင်းက ကောင်းမွန်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒုတိယမြောက်သွင်းဂိုး ရရှိဖို့ အခွင့်အရေးတွေ အများကြီးရရှိခဲ့ချိန်မှာ ပွဲကို အဆုံးသတ်ဖို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒီလိုသွင်းယူနိုင်မယ်ဆိုရင် ဖိအားတွေ အတော်လေးလျော့ပါးစေမှာဖြစ်ပြီး ပြိုင်ဘက်ဆီက သက်သာခွင့်တစ်ခုပေးဖို့ မျှော်လင့်စရာမလိုတော့ပါဘူး။ ဒါပေမယ့်လည်း ရလဒ်ပိုင်းအတွက်တော့ ကျေနပ်မိပါတယ်”လို့ Sky Sport Italia နဲ့ Mediaset Infinity ဆီ ရှင်းပြခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန် ၆၆ မိနစ်မှာ နာပိုလီကစားသမားဘ၀ ပွဲဦးထွက်ရာသီလို ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ခဗာရက်စ်ခီးလီယာကို နည်းပြဂါစီယာက လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“ခဗာရက်စ်ခီးလီယာက tempo တွေ ပြန်ရအောင် လုပ်ဖို့၊ ပွဲကစားချိန်ရရှိဖို့ လိုအပ်နေပါတယ်။ အသင်းရဲ့ ပထမဆုံးဂိုးမှာ သူပါဝင်ပတ်သက်ခဲ့မှုက အခုလိုပွဲစဉ်တစ်ခုမှာ အရေးပါလှပါတယ်။ အိုဆီမန်ဆိုလည်း အပြင်းအထန်ရုန်းကန်ကစားခဲ့ပါတယ်။ ဒါတွေကပဲ ကျွန်တော့်ရဲ့ ကစားသမားတွေဆီမှ မျှော်လင့်ထားတဲ့ အရာတွေပါ။ ခံစစ်ကစားချိန်မှာ သူတို့အားလုံး တစ်ဦးနဲ့တစ်ဦး ကူညီပေးကြပါတယ်”လို့ ဂါစီယာက ဆက်ပြောခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နာပိုလီက ယူနီယံဘာလင်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့အတူ အုပ်စုကို ပူးတွဲဦးဆောင်နိုင်ခဲ့ပါတယ်။

#ဂါစီယာ #နာပိုလီ #ယူနီယံ ဘာလင် #ချန်ပီယံလိဂ်