ရှေ့သို့
Image

အာဆင်နယ်အတွက် အဖိုးတန် အနိုင်ဂိုး ရယူပေးခဲ့ရလို့ အရမ်းပျော်ရွှင်မိကြောင်း ဖွင့်ဟလာတဲ့ ထရိုဆက်

3:29 PM, 18 September

ယမန်နေ့ညပိုင်း၊ အဲဗာတန်နဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်လို့  အလွန်ပျော်ရွှင်မိကြောင်း ဂန်းနားတိုက်စစ်မှူးထရိုဆက်က ဖွင့်ဟပြောဆိုလာပါတယ်။

အခုပွဲစဉ်အပြီး ထရိုဆက်က "အသင်းကို ကူညီနိုင်တာ အမြဲတမ်းပျော်စရာကောင်းပါတယ်။ အထူးသဖြင့် အနိုင်ဂိုး သွင်းယူပေးနိုင်ရင် ပိုပျော်ရတာပေါ့။ ဒါက ကျွန်တော်တို့အသင်းရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ခုပါ။ ကျွန်တော်က ဆာကာကို လှမ်းခေါ်လိုက်တဲ့အခါ သူက ကျွန်တော့်ဆီ တိတိကျကျ ဘောလုံးပေးပို့နိုင်လို့ အခုလိုအဆုံးသတ်နိုင်ခဲ့တာပါ။ ဂိုးသွင်းနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဘယ်ခြေရော ညာခြေရောကိုအသုံးပြုနိုင်ဖို့ လေ့ကျင့်နေခဲ့ပြီး အခု လေ့ကျင့်မှုရဲ့ရလဒ်ကို မြင်တွေ့ခဲ့ရတာပါ။ ဘောလုံးသမားတစ်ယောက်အနေနဲ့ ဘယ်ခြေရော ညာခြေပါ ကောင်းကောင်းအသုံးပြုနိုင်ရင် ဂိုးသွင်းဖို့ရေ၊ာ ဂိုးဖန်တီးဖို့အတွက်ပါ အထောက်အကူဖြစ်ပါလိမ့်မယ်"လို့ ပြောပါတယ်။

ဆက်လက်ပြီး "ကျွန်တော်တို့ ဒီပွဲကိုနိုင်ချင်ခဲ့ကြပြီး နိုင်ရမယ်ဆိုတာလည်း ကြိုသိနေခဲ့ကြပါတယ်။ ဒီပွဲကလည်း အတော်ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့အတွက်  ခက်ခဲတဲ့အခိုက်အတန့်တွေ ဖန်တီးနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ကလည်း ကောင်းမွန်တဲ့အခွင့်အရေးတွေရရှိခဲ့ပါတယ်။ ကျွန်တော်တို့က အဲဒီအခွင့်အရေးတွေထဲက တစ်ခုကို အသုံးချနိုင်ခဲ့တာပါ။ သူတို့အသင်းမှာ အရပ်ရှည်တဲ့ကစားသမားတွေ အများအပြားရှိပြီး တွဲလုံးတွေလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ရဲ့နည်းဗျူဟာအတိုင်း အစွမ်းကုန်ကြိုးစားခဲ့လို့ နိုင်ပွဲရရှိခဲ့တာပါ"လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် သူ့ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာ ဘယ်လ်ဂျီယံသားက "အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိနေတာကြောင့် နေရာရရှိဖို့ အမြဲတမ်းပြိုင်ဆိုင်နေရပါတယ်။ လောလောဆယ်မှာ ကျွန်တော်ပျော်ရွှင်နေပြီး  အရေးကြီးသွင်းဂိုးတစ်ဂိုး ရရှိခဲ့လို့ ကျေနပ်မိပါတယ်"လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

#အာဆင်နယ် #အဲဗာတန် #ထရိုဆက် #ပရီးမီးယားလိဂ်