ရှေ့သို့
Image

ရစ်ချာလီဆန်ဒဏ်ရာ ရရှိနေကြောင်း အတည်ပြု ပြောဆိုလိုက်တဲ့ ကွန်တီ

10:47 AM, 21 December

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ကောင်းအချို့ ဖော်ဆောင်ထားနိုင်ခဲ့တဲ့ တော့တင်ဟမ်အသင်းရဲ့ နည်းပြ ကွန်တီက ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲခဲ့တဲ့ တိုက်စစ်ကစားသမား ရစ်ချာလီဆန်ရဲ့ ကြံ့ခိုင်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဒဏ်ရာစစ်ဆေးမှု ခံယူသွားရာမှာ ဖြစ်ကြောင်း မီဒီယာတွေအား အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ရစ်ချာလီဆန်အနေဖြင့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးအသင်းနဲ့အတူ လိုက်ပါကစားခွင့်ရရှိခဲ့ပြီး နောက်ပြန်ကန်ချက်ဖြင့် လှပတဲ့ သွင်းဂိုးတစ်ဂိုး အပါအဝင် စုစုပေါင်း သွင်းဂိုး ၃ဂိုး အထိ ဘရာဇီးအသင်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး အုပ်စုအဆင့် နဲ့ ၁၆သင်းအဆင့်ကို ကျော်လွန်ကာ ကွာတားဖိုင်နယ်အအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ ခရိုအေးရှားအသင်းကို ပင်နယ်တီကန်သွင်းရာမှာ အရေးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပြိုင်ပွဲစုံ ၁၅ပွဲ ကစားပြီး သွင်းဂိုး ၂ဂိုးသာ သွင်းယူနိုင်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာတော့ ခြေစွမ်းပိုင်းက ပရိသတ်တွေအတွက် အထင်ကြီးဖွယ်ရာ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ် တော့တင်ဟမ်အသင်း ကစားသမားတွေရဲ့ ကြံ့ခိုင်ရေးအခြေအနေနဲ့ ပတ်သက်လို့ နည်းပြ ကွန်တီက“ရစ်ချာလီဆန်ရဲ့ ဒဏ်ရာ အတိမ်အနက်ကို သိရဖို့ စစ်ဆေးမှု ထပ်မံပြုလုပ်သွားရဦးမှာပါ။ နံနက်ဖြန်ရောက်ရင် သူပြန်လည် သက်သာမယ့် အချိန်ကို သေချာသိရပါလိမ့်မယ်။ ဘန်ဒေဗီးစ်ကတော့ ဒဏ်ရာကနေပြန်လည် သက်သာနေပြီး  ပြီးခဲ့တဲ့ အပတ်မှာကတည်းက ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပါတယ်။ ဘန်တန်ဂါကလည်း ဒဏ်ရာကနေ သက်သာလာပါပြီ။ လာမယ့် အက်စ်တွန်ဗီလာ အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ သူပါဝင်ကစားပေးနိုင်ပါလိမ့်မယ်”လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဘရာဇီး #ကွန်တီ #ရစ်ချာလီဆန် #၂၀၂၂ကမ္ဘာ့ဖလား