ရှေ့သို့
Image

ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီကို ပေါင် ၇၆ ဒဿမ ၄ သန်းနဲ့ခေါ်ယူလိုက်တဲ့ ပီအက်စ်ဂျီ အပါဝင် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

6:39 PM, 2 September

ပြင်သစ်လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီဟာ အပြောင်းအရွှေ့ကာလ ပြီးဆုံးချိန်မှာတော့ ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီကို ပေါင် ၇၆ ဒဿမ ၄ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ကစားသမားကို ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ် ၄-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကိုယ့်ပင်နယ်တီကိုယ်ဝင်အောင်ကန်သွင်းနိုင်ခဲ့ပါတယ်။

အပြောင်းအရွှေ့သဘောတူညီမှုအရ ပီအက်စ်ဂျီအနေနဲ့ ကစားသမားအတွက် ဖရန့်ဖတ်အသင်းထံ ကနဦးပေါင် ၆၄ ဒဿမ ၂ သန်းနဲ့ အပိုဆုကြေးအဖြစ် ပေါင် ၁၂ ‌ဒဿမ ၂ သန်းပေးချေသွားရမှာဖြစ်ပါတယ်။

မူအာနီဟာ အသင်းမှထွက်ခွာရန်စိတ်အားထက်သန်နေပြီး ပြင်သစ်ကလပ်သို့ပြောင်းရွှေ့လိုတာကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ဖို့ကိုပါ ငြင်းဆန်ခဲ့တယ်လို့သိရှိရပါတယ်။ အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ ၎င်းရဲ့ငယ်ဘဝကို ပဲရစ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ကြီးပြင်းခဲ့ပြီး ဂျာမနီသို့မပြောင်းရွှေ့ခင်မှာ ပြင်သစ်ကလပ် နန့်တက်စ်အသင်းနဲ့ ဘောလုံးသမားဘဝစတင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါ ပီအက်စ်ဂျီနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုပြီး ပြင်သစ်မြေသို့တဖန်ပြန်လည်ရောက်ရှိလာခဲ့တဲ့ မူအာနီက "ကျွန်တော်စတင်ခဲ့တဲ့နေရာကို ပြန်လည်ရောက်ရှိလာခဲ့တာ အရမ်းကောင်းပါတယ်။ ပီအက်စ်ဂျီရဲ့ အစီအစဉ်တွေကို ကျွန်တော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ အခုတော့ ဒီအသင်းရဲ့အင်္ကျီကိုဝတ်ဆင်ပြီး ပွဲထွက်ကစားဖို့မစောင့်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခယ်လိုင်ဖီက "ဂုဏ်ယူစရာကောင်းတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမား မူအာနီကို သူ့ရဲ့အိမ်နဲ့ သူ့ရဲ့မြို့ဖြစ်တဲ့ ပဲရစ်မြို့ထံပြန်လာဖို့ ကြိုဆိုခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့  ကျွန်တော်တို့ ခက်ခက်ခဲခဲကြိုးစားပြီး အချိန်မှီ လုပ်ဆောင်ခဲ့ရပါတယ်။ မူအာနီဟာ ထူးခြားပြောင်မြောက်တဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားပါ။ သူ့ကို ပီအက်စ်ဂျီရဲ့အစီအစဉ်တွေ ‌အကောင်းဆုံးထည့်သွင်းသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင်မှာ အင်တာမီလန်ကလည်း အေဂျက်စ်ကွင်းလယ်ကစားသမား ဒေဗီကလာဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက်-၃၀ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟာ အေဂျက်စ်အသင်းအတွက် ၃၁၇ ပွဲကစားခဲ့ပြီး ယခုအခါမှတော့ အင်တာမီလန်နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

အေစီမီလန်ကလည်း ဖီအိုရင်တီးနားရဲ့ အသက်-၂၅ နှစ်အရွယ်ဆာဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပါတယ်။ 

နယူးကာဆယ်တိုက်စစ်မှူးဟောင်း အန်ဒီကာရိုးလ်ကတော့ ပြင်သစ် ဒုတိယတန်းကလပ် အာမီရမ်စ်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ယခုနွေရာသီအတွင်း ကလပ်အသင်းတွေဟာ သုံးစွဲမှုတွေအမြောက်အမြားပြုလုပ်ခဲ့ကြတာကြောင့် နိုင်ငံတကာအသုံးစရိတ်ကို စံချိန်ချိုးခဲ့တယ်လို့သိရှိရပါတယ်။

ဘွန်ဒက်စ်လီဂါကလပ် ယူနီယံဘာလင်ကလည်း ဂျူဗင်တပ်စ် အသင်းခေါင်းဆောင် ဘိုနူချီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပါတယ်။ အသက်-၃၆ နှစ်အရွယ် အီတလီနောက်ခံလူဟာ ဂျူဗင်တပ်စ်အတွက် ပွဲပေါင်း ၅၀၂ ပွဲအထိကစားပေးခဲ့ပြီး ယခုအခါမှာတော့ ယူနီယံဘာလင်နဲ့ ၁ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ 

နောက်ဆုံးအနေနဲ့ တိုရီနိုအသင်းက အသက်-၃၂ နှစ်အရွယ် အတ္တလန္တာနဲ့ ကိုလံဘီယာတိုက်စစ်မှူး ဒူဗန်ဇာပါတာကို ဝယ်ယူခွင့်သဘာတူညီချက်ပါ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့သိရှိရပါတယ်။

#ပီအက်စ်ဂျီ မူအာနီ