ရှေ့သို့
Image

ဝေဖန်မှုတွေကြားက ရုန်းထွက်နိုင်ခဲ့တဲ့ မက်ဂွါရီနဲ့ အိုနာနာကို အိုဇေးလ်ချီးကျူး

9:03 AM, 25 October

မီဆွတ်အိုဇေးလ်ဟာာ ယမန်နေ့ညက ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် သူရဲကောင်းတွေဖြစ်ခဲ့ကြတဲ့ မက်ဂွါရီနဲ့ အိုနာနာကို ချီးကျူးသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးတို့ကို နှစ်ပွဲဆက် ရှုံးခဲ့ပြီးနောက် ယူနိုက်တက်ဟာ ကိုပင်ဟေဂင်ကို အနိုင်ယူခဲ့ကာ အုပ်စုတက်ဖို့ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ယူနိုက်တက်တိုက်စစ်က အဆုံးသတ်ပိုင်း အားနည်းမှုတွေရှိနေပြီး ဦးဆောင်ဂိုး ရဖို့ ရုန်းကန်နေရချိန် မက်ဂွါရီက အဲရစ်ဆင်ရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်ကာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးကတော့ ဝေဖန်မှုတွေ ဆက်တိုက်ခံနေရတဲ့ မက်ဂွါရီအတွက် အတော်လေး အဓိပ္ပါယ်ရှိတဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ မက်ဂွါရီအပြင် ယူနိုက်တက်အတွက် သူရဲကောင်းဖြစ်ခဲ့သူက ရာသီအစ လက်စွမ်းဆိုးရွားမှုတွေကြောင့် ဝေဖန်ခံနေရတဲ့ ဂိုးသမား အိုနာနာပဲ ဖြစ်ပါတယ်။ တိုမီနေးကြောင့် အချိန်ပိုနောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးခဲ့ရပြီးနောက် ကိုပင်ဟေဂင်က လာဆင်ရဲ့ကန်ချက်ကို အိုနာနာက အကောင်းဆုံး ပုတ်ထုတ်ကာကွယ်ကာ ပရိသတ်တွေရဲ့အချစ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်း အိုဇေးလ်က "မက်ဂွါရီနဲ့ အိုနာနာက ဒီလိုအားပေးခံရမှုမျိုးနဲ့ ထိုက်တန်ပါတယ်။ မုန်းတီးနေသူတွေကို နှုတ်ဆိတ်စေခဲ့ပါပြီ။"လို့ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေညမှာတော့ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #အိုဇေးလ် #အိုနာနာ #ပရီးမီးယားလိဂ်