ရှေ့သို့
Image

ဘရိုက်တန်အသင်းထံ ၁ ရာသီအငှားနဲ့ ပြောင်းလာတဲ့ ဘာစီလိုနာစတား ဖာတီ

11:17 AM, 2 September

ဘရိုက်တန်အသင်းကတော့ ဘာစီလိုနာလူငယ်ကစားသမား ဖာတီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဘာစီလိုနာဘက်ကလည်း အတည်ပြုလိုက်ပါတယ်။

ESPN ရဲ့အဆိုရ ဘရိုက်တန်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဖာတီအပြောင်းအရွှေ့ကို စတင်လုပ်ဆောင်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ တော့တင်ဟမ်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် ဖာတီတစ်ယောက် ဘရိုက်တန်ကိုသာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

စပိန်သားဟာ ဘရိုက်တန်အသင်းထံ အငှားနဲ့သာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူမှုမပါဝင်ဘူးလို့ သိရပါတယ်။ ဖာတီရဲ့အေးဂျင့် မန်ဒက်စ် နဲ့ သူ့ရဲ့ဖခင်ဖြစ်သူ ဘိုရီတို့က သားဖြစ်သူကို ပုံမှန်ကစားခွင့်ရတဲ့အသင်းထံ ပြောင်းစေချင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၆ နှစ်သားဟာ ၂၀၁၉ တုန်းက ဘောလုံးစင်မြင့်ထက်ကို ရောက်လာခဲ့တာဖြစ်ပြီး ဒူးဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာတွေကြောင့် ၂၀၂၀ ကနေ ၂၀၂၂ အထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်နည်းပြ ဒီဇာဘီကတော့ “ကျွန်တော်တို့အတွက် တကယ်ကောင်းတဲ့ အပြောင်းအရွှေ့ပါ။ ဖာတီကို ကောင်းမွန်တဲ့အဆင့်တစ်ခုရောက်အောင် ကျွန်တော်ကူညီပေးချင်ပါတယ်။ အဲ့တာက သူ့ကိုနောက်တစ်ဆင့်ရောက်အောင် ကူညီပေးပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ကြံ့ခိုင်မှုပြည့်ခဲ့ပြီး ၅၁ ပွဲပါဝင်ကစားခဲ့ကာ အများစုကို အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဖာတီရဲ့ဖခင်ဖြစ်သူ ဘိုရီကတော့ အခုနှစ်မတိုင်ခင်ကတည်း သားဖြစ်သူကို အသင်းပြောင်းဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဖာတီနဲ့ ဘာစီလိုနာတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိရှိနေတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁ ဘီလီယံရှိနေတာဖြစ်ပါတယ်။ ဘရိုက်တန်အားကစားဒါရိုက်တာ ဒေးဗစ်ဝီယာကတော့ ဖာတီလိုကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာနောက်ခံလူ လန်ဂလက်ဂျ်ကလည်း သောကြာနေ့တုန်းက အက်စ်တွန်ဗီလာကို ၁ ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ကာ အပြီးသတ်ခေါ်ယူခွင့် မပါဝင်တာဖြစ်ပါတယ်။ လန်ဂလက်ဂျ်ကဟာ ပြီးခဲ့တဲ့နှစ်တုန်းက တော့တင်ဟမ်မှာ အငှားကစားခဲ့တာဖြစ်ပြီး ဗီလာနောက်တန်းမှာ တိုင်ရွန်မင်းစ်ဒဏ်ရာရရှိခဲ့တာကြောင့် အခုလိုခေါ်ယူခံခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာကတော့ လန်ဂလက်ဂျ်နဲ့ ဖာတီတို့ကို ရှင်းထုတ်နိုင်ခဲ့တာကြောင့် ကန်ဆယ်လို နဲ့ ဖီးလစ်တို့ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဘရိုက်တန် #အပြောင်းအရွှေ့ #ဖာတီ